တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရန် ကမ္ဘာ့ဘဏ်၊ JICA နှင့် ADB တို့မှ ငွေကြေးထောက်ပံ့မှုနှင့် မလုံလောက်သဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ကမ္ဘာ့ဘဏ် တိုက်တွန်း

တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရန် ကမ္ဘာ့ဘဏ်၊ JICA နှင့် ADB တို့မှ ငွေကြေးထောက်ပံ့မှုနှင့် မလုံလောက်သဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ကမ္ဘာ့ဘဏ် တိုက်တွန်း
Published 9 March 2016
နီလာ

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ရရှိရန်အတွက် ကမ္ဘာ့ဘဏ်၊ JICA နှင့် ADB တို့မှ ပေးအပ်သည့် ငွေကြေးထောက်ပံ့မှုများဖြင့် မလုံလောက်နိုင်သဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် အစိုးရကို ကမ္ဘာ့ဘဏ်မှ တိုက်တွန်းထားကြောင်း သိရသည်။“မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းကနေ တစ်နှစ်ကို အိမ်ထောင်စု နှစ်သိန်းလောက်ကို မီတာဘောက်စ် တပ်ပေးတယ်ပေါ့။ ကျွန်တော်တို့ နိုင်ငံမှာ အိမ်ထောင်စု ခုနစ်သိန်း ကျော်ကျော်လောက်က မီတာတပ်ဖို့ လိုသေးတယ်။ အဲဒီတော့ နှစ်သိန်းနဲ့သာဆိုရင် နှစ် ၄၀ လောက် ကြာသွားလိမ့်မယ်။ နှစ် ၄၀ နီးပါးလောက်ကတော့ ဘယ်သူမှ စောင့်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့က နှစ်သိန်းကို ငါးသိန်းလောက်အထိ ဆွဲမြှင့်ဖို့ လိုအပ်တယ်” ကမ္ဘာ့ဘဏ်၏ စွမ်းအင်ပညာရှင် ဦးမျိုးမြင့်က ပြောကြားသည်။လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လိုအပ်နေခြင်းနှင့် ပတ်သက်ပြီး ၎င်းက “လျှပ်စစ်မှာ သုံးပိုင်းရှိတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ အပိုင်း၊ ဓာတ်အား ပို့လွှတ်တဲ့ အပိုင်း၊ ဓာတ်အားဖြန့်ဖြူးတဲ့အပိုင်း ဆိုပြီး ရှိတာပေါ့။ အဲဒီ သုံးပိုင်းစလုံးမှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတာပါ။ ဆိုတော့ ၁၅ နှစ်အတွင်းမှာ တစ်နိုင်ငံလုံး လူတိုင်း လျှပ်စစ်မီး ရဖို့ဆိုရင်တော့ ကျွန်တော်တို့ ခန့်မှန်းထားတာက တစ်နှစ်ကို ဒေါ်လာ နှစ်ဘီလျံနှုန်းလောက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ အဲဒီ နှစ်ဘီလျံလောက်ကို ကျွန်တော်တို့ ကမ္ဘာ့ဘဏ်နဲ့ မိတ်ဖက် အဖွဲ့တွေ ဖြစ်တဲ့ JICA တို့၊ ADB တို့က ပေးတဲ့ Loan တွေ ငွေကြေး ထောက်ပံ့မှုတွေနဲ့က ဘယ်နည်းနဲ့မှ မလောက်နိုင်ဘူး။ အဲဒီတော့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကရော၊ ပြည်ပကရော လျှပ်စစ် ကဏ္ဍမှာရော၊ စွမ်းအင်ကဏ္ဍမှာရော လိုအပ်ပါတယ်။ အဲဒါကြောင့် အစိုးရကိုလည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာအောင် ဖိတ်ခေါ်ဖို့လည်း ကျွန်တော်တို့က တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်နေသည့် ပရောဂျက် နှစ်ခုရှိကြောင်း၊ Electrical Power Project ကို မွန်ပြည်နယ် သထုံမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အဟောင်းကို အသစ်ဖြင့် အစားထိုးမည်ဖြစ်ကြောင်း၊ ၁၁၅ မဂ္ဂါဝပ် ရှိသည့် CCGT ဟုခေါ်သည့် Combined Cycle Gas Turbine ဖြင့် အစားထိုးမည်ဖြစ်ကြောင်း၊ အဆိုပါ ပရောဂျက်အတွက် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးထားကြောင်း သိရသည်။ဒုတိယပရောဂျက် အနေဖြင့် National Electrification Project ဟုခေါ်သည့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက် အတွက်လည်း ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို အတိုးမဲ့ ချေးငွေအဖြစ် မြန်မာနိုင်ငံသို့ ပေးထားကြောင်း သိရသည်။

Most Read

Most Recent