ပြင်ပဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ် နည်းနေသော်လည်း တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ဝန်းကျင်သို့ ပြန်တက်

ပြင်ပဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ် နည်းနေသော်လည်း တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ဝန်းကျင်သို့ ပြန်တက်
Published 8 March 2016
အောင်မြတ်ကို

မတ် ၈ ရက် ပြင်ပဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ် နည်းနေသော်လည်း တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ဝန်းကျင်သို့ ပြန်လည် မြင့်တက်လာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
"ဒီနေ့ ဒေါ်လာဈေးက မနက်ပိုင်းမှာ အဖွင့်ဈေးမှာ ၁၁၉၅ ရှိတယ်။ နေ့လယ် ၂ နာရီနောက်ပိုင်း ၁၂၀၀ ကျော်ဖြစ်လာတယ်။ ဈေးကွက်ထဲမှာ ဒေါ်လာက အရောင်းအဝယ် နည်းနေပြီး ဒေါ်လာပြတ်နေတယ်။ ဒါကြောင့် အရောင်းအဝယ် လိုက်အောင် ဈေးတက်လာတယ်။ ညနေပိုင်းမှာ တစ်ဒေါ်လာ ရောင်းဈေး ၁၂၀၀ ကျော် ပြန်တက်လာတယ်" ဟု ဒေါ်လာ အရောင်းအဝယ်လုပ်ငန်း ပြုလုပ်နေသူ တစ်ဦးက ပြောကြားသည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မတ်လ ပထမပတ်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း လျှော့ချသတ်မှတ်ခြင်းနှင့်အတူ ဆက်တိုက်ကျဆင်း ခဲ့ခြင်းဖြစ်ပြီး မတ် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ ဝန်းကျင်မှ ၂ ရက်တွင် ၁၂၂၅ ကျပ်၊ ၃ ရက်တွင်၁၂၁၂ ကျပ်မှ မတ် ၄ ရက်တွင် ကျပ် ၁၂၁၀ ဝန်းကျင်သို့ ကျဆင်းခဲ့၍ မတ်လပထမပတ် နောက်ဆုံး ၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၈ ကျပ်ဝန်းကျင်အထိ တစ်ပတ်အတွင်း ၄၂ ကျပ် ဝန်းကျင်အထိ ကျဆင်းခဲ့သော်လည်း မတ် ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ဝန်းကျင်သို့ တစ်ရက်အတွင်း ရှစ်ကျပ်ဝန်းကျင် ပြန်လည်မြင့်တက် လာခဲ့သည်။
မတ် ၈ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၂၃  ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၀၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၀၄ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၂၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး၁၂၁၃ ကျပ်ဝန်းကျင် သတ်မှတ်ထားသည်။      

Most Read

Most Recent