နှစ်စဉ် မတ် ၈ ရက် ရောက်တိုင်း နိုင်ငံတကာ အမျိုးသမီးများနေ့ (International Women’s Day) အထိမ်းအမှတ် အခမ်းအနားတွေကို ကမ္ဘာတစ်ဝန်း ကျင်းပလာခဲ့တာမှာ ဒီနှစ် ၂၀၁၆ ခုနှစ်အတွက် ဆောင်ပုဒ် (Theme) ကတော့ "Planet 50-50 by 2030, Step it up for Gender Equality" ဖြစ်ပါတယ်။ ၂၀၃၀ အရောက်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာကြီး ဖြစ်လာဖို့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးကနေ လုပ်ဆောင်ကြမယ်လို့ ကတိပြုထားတဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် (Sustainable Development Goals) ၁၇ ချက်ထဲမှာ ဒီကျားမတန်း တူညီမျှမှုဟာလည်း တစ်ချက်အပါအဝင်ပါပဲ။
ဒီနေ့ခေတ် ကမ္ဘာကြီးမှာ အမျိုးသမီးအရေးက တော်တော်လေး ရှေ့တန်းရောက်လာပါတယ်။ စဉ်းစားစရာ ကောင်းပါတယ်။ ဘာလို့များ အမျိုးသမီးတွေက အရေးပါနေတာလဲ။ အရင်လို အမျိုးသားတွေကပဲ ဦးဆောင်နေရင်ရော မရဘူးလား။ ဒါတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်းပါ။ ဘာလို့အရေးကြီးတာလဲ စဉ်းစားကြည့်ရအောင်။
ကျွန်တော်တို့နိုင်ငံမှာပဲ ကြည့်ကြည့် ကမ္ဘာမှာပဲကြည့်ကြည့် လူဦးရေတစ်ဝက် ကျော်ကျော်ဟာ အမျိုးသမီးတွေပါ။ ဒါကြောင့် အဲဒီတစ်ဝက်သော လူထုရဲ့ နိမ့်ကျမှုဟာ အားလုံးအပေါ်မှာ ရိုက်ခတ်မှုရှိပါတယ်။ အိမ်ထောင်တစ်ခု အနေနဲ့ပဲ စဉ်းစား ကြည့်ပါဦး။ အမျိုးသမီးက ပညာမတတ်ဘူး၊ ယောကျ်ားအပေါ်မှာ ဝင်ငွေအရ မှီခိုနေရတယ်။ ဒီမိသားစု တစ်ခုလုံးရဲ့ အသုံးစရိတ်ကို ယောကျ်ားက ဒိုင်ခံရှာနေရတယ်။ အဲဒီအခါမှာ မိသားစုက စားဝတ်နေရေး ကျပ်တည်းလာတယ်။ ကျန်းမာရေး ထိခိုက်လာတယ်။ ကလေးတွေကို ကောင်းကောင်း မစောင့်ရှောက် နိုင်တော့ဘူး။
နောက်ပြီးတော့ မိခင်နဲ့ကလေးဟာ ခွဲခြားလို့မရအောင် ဆက်စပ်နေပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးတွေ၊ ဉာဏ်ရည် ထက်မြက်တဲ့ ကလေးတွေ မွေးဖွားလာဖို့၊ ကလေးသေနှုန်းတွေ လျော့ကျသွားဖို့အတွက် မိခင်တွေ ပညာရှိဖို့ သိပ်အရေးကြီးပါတယ်။ မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးကို ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံက မေးဖူးတယ်၊ ပြင်သစ်လူငယ်တွေ တိုးတက်ဖို့ အရေးကြီးဆုံး လိုအပ်ချက်က ဘာများလဲဆိုတော့ မိခင်လောင်းတွေပါပဲရှင်လို့ ပြန်ဖြေခဲ့တယ်။ တစ်ခွန်းတည်းနဲ့ကို ပြီးသွားတာပါပဲလားလို့တောင် နပိုလီယံက ရေရွတ်မိသွားတဲ့အထိ။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ကမ္ဘာမှာရော မြန်မာမှာပါ အရေးပါလာတာပဲ ဖြစ်ပါတယ်။
ကျားမ တန်းတူညီမျှမှု (Gender Equality) ဆိုတဲ့ နေရာမှာ Gender ဆိုတဲ့ စကားလုံးလေးကိုလည်း နည်းနည်းရှင်းပြ ချင်ပါသေးတယ်။ ဒီစကားလုံးကို တချို့ကလည်း ဂျန်ဒါလို့ပဲ မူရင်းအတိုင်း ခေါ်ဝေါ်ရေးသား ကြတယ်။ တချို့ကတော့လည်း ကျားမရေးရာလို့ မြန်မာမှု ပြုကြတယ်။ ထားပါတော့။ အခေါ်အဝေါ်ထက် အဓိပ္ပာယ်ကသာ ပိုအဓိက ကျပါတယ်။
ကလေးလေးတစ်ယောက် မွေးလာပြီဆိုရင် ယောကျ်ားလေးလား မိန်းကလေးလားသိဖို့ လိင်အင်္ဂါကိုကြည့်မှ သိနိုင်ပါတယ်။ ဆိုလိုတာက ယောကျာ်း မိန်းမဆိုတဲ့ လိင်ဟာ မွေးကတည်းက ပါလာပါတယ်။ အဲဒီနောက် လူပျို အပျို ဖြစ်လာပြီဆိုရင် ယောကျာ်းလေးက သုတ်ထွက်တယ်၊ မိန်းကလေးက ရာသီလာတယ်၊ ကိုယ်ဝန်ဆောင်ရတယ်။ ဒါတွေကို Sex လိင်လို့ သတ်မှတ်တယ်။ မွေးကတည်းက ပါလာတယ်။ ပြောင်းလဲလို့မရဘူး။ ယောကျ်ားလေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချင်လို့ မရသလို၊ မိန်းကလေး ဖြစ်ပြီးလည်း သုတ်လွှတ်ချင်လို့ မရဘူး။ နောက်ပြီး ဘယ်နေရာ ဘယ်ဒေသမှာမဆို ဒါတွေက ရှိနေတယ်။ ဥရောပက မိန်းကလေးလည်း ဒီပုံစံပဲ။ အာရှတိုက်က ကောင်မလေးတွေလည်း ဒီပုံစံပဲ။
ဂျန်ဒါဆိုတာကတော့ အဲဒီလို မွေးဖွားလာပြီးတဲ့နောက်မှာ ယောကျာ်းလေးက ဘယ်လိုဖြစ်သင့်တယ်။ မိန်းကလေးက ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး ပတ်ဝန်းကျင်က သတ်မှတ်ပေးလိုက်တဲ့ သတ်မှတ်ချက်များကို ဆိုလိုပါတယ်။ ဥပမာ ယောကျာ်းလေးဆိုတာ သတ္တိရှိရတယ်၊ ဦးဆောင်နိုင်ရမယ်၊ မျက်ရည်မကျရဘူး၊ အလှအပ မကြိုက်ရဘူး။ မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ နေရတယ်၊ သိမ်မွေ့ရတယ်။ ဒါမျိုးသတ်မှတ်ချက်တွေကို ဂျန်ဒါလို့ခေါ်တယ်။ ဒါတွေဟာ မွေးကတည်းက ပါလာတာ မဟုတ်ဘဲ ကြီးပြင်းလာတဲ့ အချိန်မှာ ပတ်ဝန်းကျင်က သင်ကြားပေးလိုက် တာတွေပဲ ဖြစ်ပါတယ်။ ပြောင်းလဲလို့ရနိုင်တယ်။ နောက်ပြီး နေရာဒေသ၊ လူမျိုး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေပေါ် မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ဘူး။ ပွင့်လင်းတဲ့ ဥရောပက မိန်းကလေးတွေရဲ့ပုံစံနဲ့ သိမ်မွေ့နူးညံ့တဲ့ ကျွန်တော်တို့ မြန်မာမိန်းကလေးတွေရဲ့ပုံစံကို ယှဉ်ကြည့်ရင် ဒါကိုသိသာနိုင်ပါတယ်။
အဲဒီလို သတ်မှတ်ချက်တွေကြောင့် ယောကျာ်းလေးတွေ ဘက်မှာလည်း နစ်နာမှုတွေ ရှိလာတယ်။ ဥပမာ အိမ်ထောင်တစ်ခုမှာ ဝင်ငွေရှာဖွေတဲ့ အလုပ်ဟာ ယောကျ်ားရဲ့အလုပ်ပဲလို့ အားလုံးက သတ်မှတ်ထားလေတော့ ဒီဝန်ထုပ်ဝန်ပိုးကို သူတစ်ယောက်တည်း ထမ်းထားရတယ်။ ပိုဆိုးလာရင် ပိုက်ဆံရရင် ဘာမဆို လုပ်မယ်ဆိုတဲ့ အနေအထားမျိုးတွေထိ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က ထမင်းဟင်းချက်တာ ဝါသနာပါပါလျက်နဲ့ မလုပ်ရတာမျိုး။ မိန်းမက ဝင်ငွေအရှာကောင်းလို့ ကိုယ်က အိမ်ထောင်မှု ထိန်းသိမ်းတဲ့ ကဏ္ဍကို ယူပါမယ်၊ ကိုယ့်အချင်းချင်း ကြည်ဖြူပါတယ် ဆိုရင်တောင် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေကို ကြောက်နေရတာ မျိုးတွေလည်း ရှိပါတယ်။ နောက်ပြီး ယောကျာ်းမှန်ရင် ရန်ဖြစ်ရဲရတယ်။ ယောကျာ်းလေးဖြစ်ပြီး ဆေးလိပ်မသောက် တတ်ဘူးလား၊ အရက်မသောက် တတ်ဘူးလား စသဖြင့် ဆယ်ကျော်သက် လူငယ်တွေကြားမှာ ပြောကြဆိုကြတာတွေ ရှိတယ်။ အဲဒီတွေကို နားယောင်မိရင်းနဲ့လည်း လူငယ်တွေ လမ်းမှားရောက်နိုင်ပါတယ်။ မိန်းကလေးတွေအတွက် ဖြစ်လာတဲ့ နစ်နာမှုတွေကတော့ ပိုဆိုးပါတယ်။ နိုင်ငံတစ်ခုမှာ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲ မွေးရမယ်ဆိုတဲ့ ပေါ်လစီ ရှိခဲ့ဖူးတယ်။ ရိုးရာအယူအဆအရ ယောကျာ်းလေးကိုမှ ပိုလိုချင်ကြတော့ နောက်ဆက်တွဲအဖြစ် မိန်းကလေးမှန်း သိတာနဲ့ ကိုယ်ဝန်ဖျက်ချတာ၊ မွေးပြီးမှ စွန့်ပစ်ခဲ့တာတွေ ဖြစ်လာတယ်။ ကြာလာတော့ ယောကျ်ားမိန်းမ အချိုးက မညီမမျှ ဖြစ်လာပြီး သတို့သမီး ရှားပါးလာတဲ့အခါ တစ်ဖက်နိုင်ငံထဲက ဆင်းရဲတဲ့ မိန်းကလေးတွေ၊ အသိပညာ မရှိတဲ့ မိန်းကလေးတွေကို လူကုန်ကူးမှုတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာတယ်။ အဲဒီ "ဆင်းရဲတဲ့ တစ်ဖက်နိုင်ငံ" ဆိုတာ ကျွန်တော်တို့ နိုင်ငံပဲ ဖြစ်ပါတယ်။
ကျေးရွာတွေမှာ "မိန်းကလေးပဲ၊ သေစာ ရှင်စာတတ်ရင် တော်ပြီပေါ့" လို့ ထင်နေတဲ့သူတွေ ဒီနေ့ထိ ရှိနေသေးတယ်ဆို မအံ့သြပါနဲ့။ သားနဲ့ သမီး အတူတူမှာ တစ်ယောက်ကို ကျောင်းထုတ်ရတော့မယ်ဆို သမီးဖြစ်သူကိုပဲ ကျောင်းထုတ်တယ်။ ယောကျ်ားလေးဆိုတာ တစ်ချိန်ကျ မိသားစုကို ဦးဆောင်ရမှာမို့ ပညာတတ်ဖို့ လိုသတဲ့။ အဲဒီမိန်းကလေးတွေ ပညာမပြည့်မစုံနဲ့ အရွယ်ရောက်လာတဲ့အခါ လမ်းမှားရောက်ဖို့ အင်မတန် လွယ်ကူတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတယ်။ ကလေးမွေးတယ်။ ပညာက မတတ်တော့ အလုပ်အကိုင် ကောင်းကောင်းမရဘူး။ စီးပွားရေး အဆင်မပြေဘူး။ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်ရမယ် မသိဘူး။ ဒီတော့ အဲဒီမိသားစုတွေ အဲဒီကလေးတွေ ဆင်းရဲတွင်းနက်တယ်၊ အသေအပျောက်များတယ်။
အိမ်ထောင်ပြုပြီးရင်လည်း ကိုယ်က စီးပွားမရှာနိုင်တာမို့ လင်ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေရတယ်။ သူအနိုင်ကျင့်သမျှ ငြိမ်ခံရတယ်။ သူပြောသမျှ နားထောင်ရတယ်။ လွန်ဆန်လို့ မရဘူး။ လင်ယောကျ်ား ဆုံးပါးသွားခဲ့ရင်လည်း ကိုယ့်ဘာသာကိုယ် မရပ်တည်နိုင်တာမို့ သားသမီးတွေနဲ့ ဒုက္ခပင်လယ်ဝေပြီး ကျန်ခဲ့ရရှာတယ်။ နောက်ယောကျ်ားယူတယ်။ ယူတော့ အဲဒီယောကျ်ားက ကိုယ့်သမီး အပျိုပေါက်ကို ခြေတော်တင်တယ်။
ပညာသင်ခွင့်ရခဲ့လို့ လုပ်ငန်းခွင်ထဲ ရောက်လာရင်လည်း လုပ်ခလစာ အညီအမျှ အပေးမခံရဘူး။ ဦးဆောင်နိုင်စွမ်း မရှိဘူးလို့ တစ်ထစ်ချ သတ်မှတ်ပြီး ခေါင်းဆောင်နေရာ ပေးဖို့ဆိုလည်း အားလုံးက ဝန်လေးတတ်ကြတယ်။
နောက်ဆုံးတစ်ခုကတော့ အဓမ္မပြုကျင့်မှု။ ကလေးဘဝကနေ နောက်ဆုံး သက်ကြီး ရွယ်အိုတွေအထိ အချိန်မရွေး ကြုံသွားရနိုင်တယ်။ အဲဒီလို ပြုကျင့်ခံခဲ့ရပြီဆိုလည်း မိန်းကလေးဆိုတာ အရှက်အကြောက် ကြီးရတယ်ဆိုတဲ့ ဆိုဆုံးမမှုတွေအောက်မှာ ကြီးပြင်းခဲ့ရတာမို့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ဆိုတာဝေးလို့ ပါးစပ်က ထုတ်ပြောဖို့တောင် အင်မတန် ဝန်လေးတတ်ကြတယ်။ အဲဒီလိုနဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးပဲ ကြုံတွေ့ကြရတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုမိန်းကလေးဆို အပြစ်တင်တယ်၊ ကဲ့ရဲ့တယ်၊ တန်ဖိုးမထားတော့ဘူး။ ပြုကျင့်သူထက် အပြုကျင့်ခံရသူကို ပိုပြီးရှုတ်ချ တတ်ကြတယ်။
ဒီအခြေအနေတွေ အားလုံးကို ကျော်ဖြတ်ပြီး အမျိုးသမီးတစ်ယောက် ရှေ့တန်းရောက်လာဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်။ သေချာပြန်ကြည့်ရင် အမျိုးသမီးတွေချည်း ဒုက္ခရောက်ရတာတော့ မဟုတ်ဘူး။ အနာဂတ်ကို ဖန်တီးကြမယ့် ကလေးတွေလည်း ဒုက္ခရောက်ရတယ်၊ မိသားစုတွေ၊ ဘဝတွေ၊ နောက်ပြီး အထက်စီးမှာ ရှိနေကြတဲ့ ယောကျာ်းတွေပါ အဲဒီရဲ့ အကျိုးဆက်ကို ခံကြရတယ်။
ဒီအဖြစ်အပျက်တွေ အားလုံးရဲ့ အဓိက ဇာစ်မြစ်ကတော့ ကျားမ ခွဲခြားဆက်ဆံခြင်း၊ ပိုပြီးတိတိကျကျ ပြောရရင် "အမျိုးသမီးတွေအပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း" ကြောင့်ပါပဲ။ တကယ်တော့ အဲဒီလို မိန်းမဆိုတာနိမ့်ကျတယ်၊ အားနည်းတယ် ဆိုတဲ့သဘော ပြောနေတဲ့ စာသားတွေ၊ အပြုအမူမျိုးတွေကို ရုပ်ရှင်တွေ၊ သီချင်းတွေ၊ လက်ဖက်ရည်ဆိုင်က စကားဝိုင်းတွေ၊ ကျောင်းစာသင်ခန်းတွေ၊ ရှေးလူကြီးတွေရဲ့ စကားတွေ၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေထဲမှာ အများအပြားပဲ တွေ့နိုင်ပါတယ်။ ဒီလိုနည်းလမ်း ပေါင်းစုံနဲ့ သင်ကြားခံခဲ့ရပြီးတဲ့နောက်မှာ ကျွန်တော်တို့တွေ၊ နောက်ဆုံး မိန်းကလေးတွေ ကိုယ်တိုင်ကပါ ဒါကို အမှန်တရားအဖြစ် လက်ခံလိုက်ပါ တော့တယ်။
ဒါကြောင့် အမျိုးသမီးတွေဘ၀ တိုးတက်လာဖို့ဆိုရင် မိန်းမဆိုတာ နိမ့်ကျတယ်လို့ ကလေးဘ၀ ကတည်းက နည်းလမ်းပေါင်းစုံနဲ့ အရေးခံထားရတဲ့ ကျွန်တော်တို့ရင်ထဲက စာတန်းတွေကို အရင်ဆုံးဖယ်ရှား ပစ်ကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ စကားလေး တစ်ခွန်းနဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ
"အမျိုးသမီးတွေဘ၀ တိုးတက်လာဖို့အတွက် ငွေကြေးထောက်ပံ့မှုတွေ ဥပဒေတွေထက် ကျွန်တော်တို့ ပိုလိုအပ်တာကတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲဖို့ပါပဲ"










