ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ်က တရားလိုပြုလုပ်၍ ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား တရားစွဲဆိုထားသည့် အမှုများမှ အမှုရှစ်မှုအတွက် မတ် ၇ ရက်က ကျောက်တန်းမြို့နယ် တရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းနေ့ရုံးချိန်းတွင် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှုဖြင့် တရားစွဲဆိုထားသောအမှုတွင် တရားလိုဖြစ်သူ ဦးမျိုးချစ်မှာ တရားရုံးရှေ့၌ မမှန်မကန် ထွက်ဆိုခဲ့သည်ဟုဆိုကာ ပြစ်မှုပုဒ်မ ၁၉၃ ဖြင့်အရေးယူပေးရန် စွပ်စွဲခံရသူ၏ ရှေ့နေမှ တရားရုံး၌ လျှောက်ထားခဲ့မှုကို ကျောက်တန်းမြို့နယ် တရားသူကြီးမှ ကြားဖြတ်အမိန့်တစ်ရပ် ချမှတ်ခဲ့ကြောင်း သိရသည်။ယင်းသို့ ကြားဖြတ်အမိန့် ချမှတ်ရာတွင် တရားလိုဖြစ်သူ ဦးမျိုးချစ်မှာ ရုံးရှေ့ထွက်ဆိုချက်နှင့် ရဲစက္ကူတွင် ထွက်ဆိုချက်နှစ်ခုတွင် ရဲစက္ကူတွင် ထွက်ဆိုချက်ကအမှန်ဟု ထွက်ဆိုခဲ့သော်လည်း ဆက်လက်စစ်ဆေးရာတွင် ရုံးရှေ့ထွက်ဆိုရန်မှာ ကျန်သွားခြင်းဖြစ်ကြောင်း ထွက်ဆိုထားပြီး ယင်းသို့ထွက်ဆိုခြင်းမှာလည်း ကွဲလွဲထွက်ဆိုသည်ဟု မပေါ်ပေါက်ဘဲ စွပ်စွဲခံရသူ၏ ရှေ့နေဘက်မှ လျှောက်လဲရာ၌ ဦးမျိုးချစ်မှာ မည်သို့မည်ပုံ ကွဲလွဲထွက်ဆိုသည်ကို တိကျစွာ ထောက်ပြနိုင်ခြင်း မရှိသဖြင့် တရားလို ဦးမျိုးချစ်အား ပုဒ်မ ၁၉၃ ဖြင့်အရေးယူရန် မသင့်၍ စွပ်စွဲခံရသူ ရှေ့နေ၏ လျှောက်ထားမှုအား ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့သည်။ယင်းနောက် အဆိုပါအမှုအတွက် တရားလိုပြ သက်သေတစ်ဦးအား ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။ထို့ပြင် မတ် ၇ ရက်နေ့ ရုံးချိန်း၌ ညောင်ဝိုင်းကျေးရွာ မဲရုံ (၁) မှဒုမဲရုံမှူး ဒေါ်မြမြအေးအား ဦးမျိုးချစ်မှ မှားယွင်းတရားစွဲဆိုမိသည့်အတွက် အမှုရုတ်သိမ်းပေးပါရန် လျှောက်ထားသော အမှုတွင် ဒေါ်မြမြအေးမှ တရားရုံးသို့ ခွင့်တိုင်ကြားခဲ့သဖြင့် စစ်ဆေးဖြစ်ခဲ့ခြင်း မရှိကြောင်း၊ ယင်းအပြင် ကျန်ရွေးကောက်ပွဲ ဥပဒေများဖြင့် တရားစွဲဆိုထားသော အမှုငါးမှုမှ တရားလိုပြ သက်သေများအား ဆက်လက်စစ်ဆေးခဲ့ပြီး တစ်မှုမှာ တရားလိုပြသက်သေ မလာသဖြင့် စစ်ဆေးဖြစ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ယင်းနောက် ဒေါ်အေးမြမြမျိုး၏အမှု အပါအဝင် ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲထားသော အမှုများအားလုံးအတွက် ရုံးချိန်းအား မတ် ၂၁ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။“ဒီနေ့ ဒေါ်အေးမြမြမျိုးရဲ့အမှုမှာ ဦးမျိုးချစ်ကို မမှန်သက်သေထွက်ဆိုမှု ပုဒ်မ ၁၉၃ နဲ့ အရေးယူဖို့ လျှောက်ထားမှုကို တရားရုံးက ပယ်ချလိုက်တယ်။ နောက်ပြီး တရားလိုပြသက်သေ တစ်ယောက်ကို စစ်တယ်။ ကျန်အမှုတွေမှာလည်း တရားလိုပြသက်သေ တစ်ဦးစီကို စစ်ဆေးခဲ့ပါတယ်။ ဒေါ်မြမြအေးရဲ့ အမှုကတော့ ဒေါ်မြမြအေးက တရားရုံးမှာ ခွင့်တိုင်ခဲ့တဲ့အတွက် မစစ်ဆေးဖြစ်ခဲ့ပါဘူး” ဟု စွပ်စွဲခံရသူများ၏ အထက်တန်းရှေ့နေ ဦးပြုံးချိုက မတ် ၇ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ်က တရားလိုပြုလုပ်၍ ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲဆိုထားသော အမှု ၁၅ မှုနှင့် ဒေါ်အေးမြမြမျိုးအား ပြစ်မှုပုဒ်မ ၃၄၁ ဖြင့်စွဲထားသည့် အမှုများတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ပထမအကြိမ် ရုံးချိန်းတွင် ကျောက်တန်းမြို့နယ် မြို့နယ်တရားရုံးမှ စတင်စစ်ဆေးခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် မတ် ၇ ရက် ရုံးချိန်းအပါအဝင် ၁၄ ချိန်းရှိပြီဖြစ်ကြောင်း သိရသည်။
NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို တရားစွဲဆိုထားသည့်အမှုမှ တရားလို ဦးမျိုးချစ်အား မမှန်မကန် ထွက်ဆိုသည်ဟုဆိုကာ ပုဒ်မ ၁၉၃ ဖြင့် အရေးယူရန် လျှောက်ထားမှု ကျောက်တန်းတရားရုံးက ပယ်ချ