၂၀၁၅ ခုနှစ်အတွင်း အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြမှုဖြင့် မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကျော်ကိုကိုအား မတ် ၇ ရက်တွင် တာမွေမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သည့် ဒုရဲမှူး ဝင်းအောင်နီအား စစ်ဆေးခဲ့ပြီး ရုံးချိန်းအား မတ်၂၁ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။“အရင်ရုံးချိန်းက တရားလိုပြ သက်သေကို စစ်ဆေးခဲ့တယ်။ ဒီနေ့ရုံးချိန်းမှာတော့ တရားလိုဖြစ်တဲ့ ဒုရဲမှူး ဝင်းအောင်နီကို စစ်ဆေးခဲ့တယ်။ ကျော်ကိုကိုအနေနဲ့ ဒီအမှုမှာ သူဦးဆောင်သူ မဟုတ်တဲ့အတွက် တရားရင်ဆိုင်မှာ မဟုတ်ဘူး။ တရားသူကြီးအနေနဲ့ ဒီအတွက် အမိန့်တစ်စုံတစ်ရာ ချမှတ်ခဲ့ရင်လည်း သူ့အနေနဲ့ အမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောမှာမဟုတ်တော့ဘူး” ဟု ကိုကျော်ကိုကို၏ဖခင် ဦးကျော်က ပြောကြားသည်။ကိုကျော်ကိုကိုမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမျိုးသား ပညာရေးဥပဒေအား ကန့်ကွက်ကြောင်း လေးရက်သပိတ် ဆန္ဒပြလမ်းလျှောက်ရာတွင် တာမွေမြို့နယ်အား သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းခဲ့သည်ဟုဆိုကာ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။လက်ရှိတွင် ကိုကျော်ကိုကိုမှာ သာယာဝတီမြို့နယ် တရားရုံးနှင့် ကမာရွတ်မြို့နယ် တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ စုစုပေါင်းနှစ်မှုဖြင့် လည်းကောင်း၊ လှိုင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကျောက်တံတားမြို့နယ်တွင် ပုဒ်မ ၁၈ နှစ်မှုဖြင့် လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတို့တွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားကြောင်း သိရသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် တက်ကြွလှုပ်ရှားသူများအား ယခင်ဆန္ဒပြခဲ့မှုများဖြင့် ထပ်မံတရားစွဲဆိုမှုများရှိကာ လက်ရှိတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲဆိုခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည်။သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်မီ ကာလအတွင်း ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြကျောင်းသား ခေါင်းဆောင်များအား အမှုဟောင်းများဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ရှိသည်ကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်လျက်ရှိသည်။
မြို့နယ်တရားရုံး အသီးသီး၌ အမှု ၂၀ ကျော်ဖြင့် တရားရင်ဆိုင်နေရသည့် ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုအား ပုဒ်မ ၁၈ ဖြင့် တာမွေမြို့နယ် တရားရုံးတွင် ဆက်လက်ရုံးထုတ်၍ တရားလိုအားစစ်ဆေး