ဂျပန်နိုင်ငံ အခြေစိုက် ကော်ပိုရေးရှင်း တစ်ခုဖြစ်သော Mitsubishi Estate က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အလံပြ ဘုရားလမ်းထောင့်ရှိ မြန်မာ့မီးရထား ရုံးချုပ် မြေနေရာတွင် အဆင့်မြင့် အဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်ပြီး ယန်း ၅၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၃၉ သန်းဝန်းကျင်) ရင်းနှီးမြှုပ်နှံမည်ဟု မတ် ၇ ရက်ထုတ် ဂျပန် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ထင်ရှားသည့် ဗဟိုစီးပွားရေး ကူးသန်းရောင်းဝယ်ရေး ခရိုင်ဖြစ်သော Marunouchi ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ပြီး ရုံးအဆောက်အအုံများ၊ အဆင့်မြင့် လူနေ အဆောက်အအုံများ၊ ဈေးဝယ်စင်တာများနှင့် ဟိုတယ်များ ပါဝင်မည်ဖြစ်သည်။Mitsubishi က ယင်းစီမံကိန်းကို မြန်မာနိုင်ငံ၏ Marunouchi ဟု သုံးနှုန်းထားပြီး Tokyo's Marunouchi ကဲ့သို့ ကမ္ဘာ့ အဆင့်အတန်းမီ မြန်မာမူအဖြစ် ဆောင်ရွက်သွားရန် စီစဉ်ထားပြီး အခြား အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ယင်းကဲ့သို့ စီမံကိန်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိသည်ဟု ဆိုသည်။အဆိုပါ စီမံကိန်းသည် ရန်ကုန်ဘူတာကြီး၏ အရှေ့ပိုင်းတွင် ရှိပြီး စတုရန်းမီတာ ၄၀၀၀၀ ကျော် ကျယ်ဝန်းကာ ရုံးခန်း၊ ဟိုတယ်၊ ဈေးဝယ်စင်တာ လိုအပ်ချက်ရှိသော ရန်ကုန်မြို့လယ်နှင့် တစ်ဆက်တည်း ထိစပ်နေသည့် နေရာတွင် တည်ရှိသည်။မြန်မာနိုင်ငံသည် အဆင့်အတန်းမီ အထပ်မြင့် အဆောက်အအုံများ လိုအပ်ချက် ရှိနေပြီး ဂျပန်နိုင်ငံတွင် မီဂျီခေတ် (၁၈၆၈- ၁၉၁၂)က တည်ထောင်ခဲ့သော Marunouchi ခရိုင် စီမံကိန်းကဲ့သို့ ယခု ကမ္ဘာ့အဆင့်အတန်းဖြင့် ရန်ကုန်မြို့လယ်တွင် အကောင်အထည်ဖော်မည်ဟု Mitsubishi Estate ဥက္ကဋ္ဌ Hirotaka Sugiyama က ဂျပန်သတင်းစာ The Yomiuri Shimbun သို့ ပြောကြားသည်။ယခု Mitsubishi Estate မှ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း မြေနေရာကို မြန်မာနိုင်ငံမှ ရိုးမအုပ်စုက မြန်မာ့မီးရထားထံမှ လုပ်ငန်း ဆောင်ရွက်ခွင့်အတွက် နားလည်မှု ရရှိထားသည်။ ယခု သတင်းသည် Mitsubishi Estate Co ဥက္ကဋ္ဌ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသော်လည်း ရိုးမအုပ်စုနှင့် မည်သို့ သဘောတူ ဆောင်ရွက်ထားကြောင်း သတင်းအချက်အလက်များ ပါဝင်ခြင်း မရှိသေးပေ။ အဆိုပါ မြေနေရာရှိ Grand Mee Ya Htar ဟိုတယ်၊ FMI စင်တာနှင့် မီးရထားရုံးချုပ်ဟောင်း အပါအဝင် မြေ ၁၀ ဧက (၄၀၄၆၈ စတုရန်းမီတာ)ကို လူနေတိုက်ခန်း၊ ရုံးခန်း၊ ဟိုတယ်ဆောက်လုပ်ခွင့်နှင့် နှစ် ၅၀ ငှားရမ်း လုပ်ကိုင်ခွင့်အတွက် မီးရထား ဝန်ကြီးဌာနနှင့် ရိုးမအုပ်စုတို့သည် သုံးလအတွင်း သဘောတူညီမှု လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ရိုးမအုပ်စုက ဇန်နဝါရီ ၄ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ရိုးမ အုပ်စုသည် မီးရထားရုံးချုပ် ဝင်းဟောင်းတွင် Grand Mee Ya Htar ဟိုတယ်နှင့် FMI စင်တာတို့ကို ယခင်အစိုးရ လက်ထက် ကတည်းက ငှားရမ်း လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိအစိုးရ လက်ထက်တွင် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ပေါ်ထွက်လာပြီး စီမံကိန်းအရ မီးရထားပိုင် မြေနေရာများကို ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲခဲ့ရာ မူလလုပ်ကိုင်ခွင့် ရရှိသည့် ရိုးမအုပ်စုကလည်း အစီအစဉ် သစ်များဖြင့် နှစ် ၅၀ ငှားရမ်းခွင့်အတွက် စာချုပ်ပြန်လည် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်အခြေစိုက် Mitsubishi Estate က မြန်မာ့မီးရထားရုံးချုပ် မြေနေရာတွင် အဆင့်မြင့် အဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်ပြီး ဒေါ်လာ ၄၃၉ သန်းဝန်းကျင် ရင်းနှီးမြှုပ်နှံမည်










