ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေကျပ် ၁၈ သိန်းအား ကတ်အတုဖြင့် ခိုးထုတ်ခဲ့သည့် ဘူလ်ဂေးရီးယား နိုင်ငံသားကို မတ် ၇ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ယင်းနေ့ရုံးချိန်းတွင် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ဘူလ်ဂေးရီးယား နိုင်ငံသားအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (က)(ခ) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းအား ယခင်တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သည့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ မန်နေဂျာဖြစ်သူအား ဆက်လက်စစ်ဆေးရန် ချိန်းဆိုထားသော်လည်း ခွင့်တိုင်ကြားသဖြင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းကို မတ် ၁၅ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။အဆိုပါ ဘူလ်ဂေးရီးယား နိုင်ငံသားကို ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မ ၃၈၀၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) တို့ဖြင့် တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က လှည်းတန်း စိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာရှေ့ရှိ ATM စက်များရှေ့တွင် TK.MAXX တစ်ကတ်စီ တွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာက ယင်းကတ်နှစ်ကတ်အား IC ဌာနတွင် စစ်ဆေးရာ ဗီဇာကတ် Data များတွေ့ရှိခဲ့ကြောင်း သိရသည်။ထိုသို့ စစ်ဆေးချက်များအရ ယင်းငွေထုတ်စက်များတွင် ဘူလ်ဂေးရီးယား နိုင်ငံသားတစ်ဦးမှ နိုင်ငံခြားမှ ယူဆောင်လာသော ငွေထုတ်ကတ် အတုများဖြစ်သည့် VISA ကတ်အတု၊ MASTRO ကတ်အတုနှင့် MASTER ကတ်အတုတို့ဖြင့် စုစုပေါင်း ငွေကျပ် ၁၈ သိန်းအား ထုတ်ယူခဲ့ကြောင်း သိရသည်။
ငွေထုတ်စက်မှ ငွေခိုးထုတ်မှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် ဘူလ်ဂေးရီးယား နိုင်ငံသားအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲဆို