ကျွန်တော် ကျောင်းသားဘဝမှာ မလုပ်မဖြစ် မှန်မှန်အလုပ်ဟာ စာကြည့်တဲ့ အလုပ်ပါပဲ။ တကယ်တော့ အသစ်အဆန်းနဲ့ ဘဝအတွေ့အကြုံသစ်ကို စိတ်ဝင်စားတာကတော့ ကျွန်တော် ကျောင်းစနေစအရွယ် လူငယ်ဘဝကို ကူးပြောင်းတော့မယ့် သူငယ်တန်း ဘဝပါပဲ။ ကျောင်းစနေချိန်မှာတော့ ကျောင်းဆိုတာဟာ သူငယ်ဖြစ်တဲ့ ကျွန်တော့်အဖို့ အသစ်အဆန်း တစ်ခုပါပဲ။ ရှင်းရှင်းပြောရရင် ကျွန်တော့်အဖို့ စာသင်ကျောင်းဟာ ကျွန်တော် တစ်ခါမျှ မရောက်ဖူးတဲ့နေရာပါ။ အမေက ဆန်တစ်ပြည်၊ ငွေတစ်မတ်၊ နို့ဆီဘူးတစ်ဘူး၊ ငှက်ပျောသီးသုံးဖီးနဲ့ ဆရာကြီးရှေ့မှောက်မှာ ကန်တော့ပြီး ကျောင်းအပ်ရတာဟာလည်း ကျွန်တော့်အဖို့ ဆန်းကြယ်တဲ့ ကိစ္စတစ်ခုပါပဲ။ 'ဘာလို့ ဒီလိုလုပ်ရတာလဲ အမေ' လို့ အမေ့ကို မေးချင်ပေမယ့် ကျွန်တော် မမေးဖြစ်ခဲ့ပါ။■ စာသင်ခန်းစာသင်ခန်းထဲ ရောက်တော့ ကျွန်တော့်လို ကျောင်းသားတွေကို တွေ့ရတယ်။ သူတို့ဟာ ဆရာမရှေ့မှာ ညီညီညာညာ ထိုင်နေကြတာတွေကို ကျွန်တော် စတွေ့ပါတယ်။ ကျွန်တော့်ကို အတန်းပိုင်ဆရာမက စာရေးတဲ့စားပွဲနောက်က ခုံမှာထိုင်ဖို့ နေရာပေးတယ်။ စာသင်သားတွေက ကျွန်တော့်ကိုပြုံးပြီး နှုတ်ဆက်ကြတယ်။ မုန့်စားလွှတ်ချိန် မဟုတ်တော့ စကားပြောလို့ မရပါဘူး။ နည်းနည်းပဲ။ စကား တစ်လုံးစ၊ နှစ်လုံးစ ပြောခွင့်ရပေမယ့် ကျွန်တော်က စာသင်ခန်းနဲ့ ကျောင်းနဲ့ စိမ်းနေသူ ဆိုတော့ ခေါင်းညိတ်ပြ၊ ပြုံးပြတာကလွဲရင် ကျွန်တော် အဲသလောက်ပဲ လုပ်နိုင်ပါတယ်။■ မုန့်စားချိန်မုန့်စားချိန်မှာတော့ ကျွန်တော့်အပေါင်းအသင်း ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်လာတဲ့ အတန်းဖော် သုံးလေးယောက်ဟာ ကျွန်တော့်ကို ရင်းရင်းနှီးနှီး စကားစပြောပြီး မုန့်ဆိုင်ခေါ်သွားကြတယ်။ အဲဒီမှာ ချိုမာ၊ မောင်မောင်ပြုံးနဲ့ အုန်းဖေတို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေ စဖြစ်လာကြတယ်။■ အိမ်အပြန်အိမ်ပြန်ဖို့ ကျောင်းလွှတ်တော့ အမေက စောင့်နေတယ်။ ကျောင်းစတက်တဲ့နေ့မှာ အတွေ့အကြုံသစ်ရလာတဲ့ ကျွန်တော့်ကို အမေက 'ဘယ်နှယ့်လဲ။ သား ပျော်ရဲ့လား' လို့ မေးတော့ 'ပျာ်တာပေါ့ အမေရယ်၊ သူငယ်ချင်း သုံးယောက်လည်း ရလာတယ်'လို့ အမေ့ကို ပြောပြလိုက်တယ်။ အဲဒီမှာ အမေက 'သား ကျောင်းပျော်မယ်ဆိုတာ အမေသိတာပေါ့'ဆိုပြီး ဦးဝိစာရလမ်းအတိုင်း စင်္ကြံပေါ်ကလျှောက်ပြီး အိမ်ပြန်လာခဲ့ကြတာပေါ့။ အမေကတော့ အိမ်ဘေးအိမ်က ဒေါ်သစ်ကို 'ကျွန်မသား ကျောင်းပျော်ပြီရှင့်'လို့ ဂုဏ်ယူပြီး ပြောလိုက်တယ်လေ။ အဲဒီမှာ ကျွန်တော် ဘယ်လို ကျေနပ်မှန်း ပြောမပြတတ်တော့အောင်ပါပဲဗျာ။■ အဖေပျော်ညနေဘက် ရုံးအလုပ်ကနေ အဖေ ပြန်လာတော့ အဖေ့ကို ကြိုနေတဲ့ ကျွန်တော့်ကို အဖေက 'သား အဆင်ပြေရဲ့လား၊ ကျောင်းမှာ ဘာအခက်အခဲရှိလဲ'လို့မေးတော့ ပြုံးပြီး 'အားလုံး အဆင်ပြေပါတယ် အဖေ' လို့ ပြောလိုက်တော့ ကျွန်တော့်ကို အဖေက 'ဒါမှ အဖေ့သား' လို့ ခပ်ပျော်ပျော် အော်ပြောတယ်ဗျာ။ ကျွန်တော့်ဘေးက အမေက 'ရှင်နဲ့ သားတို့ စားဖို့ ဟင်းကောင်းချက်ထားတယ်'လို့ ကျွန်တော် ကျောင်းပျော် စဖြစ်တာကို သိပ်ဝမ်းသာတဲ့ အမေက အဖေ့လွယ်အိတ်ကို လှမ်းယူရင်း ယုယုယယနဲ့ ပြောပြပါတယ်။■ စာသင်သားစအဲဒီနေ့ကစပြီး ကကြီး၊ ခခွေးနဲ့ စခဲ့တဲ့ ကျွန်တော့်ရဲ့ကျောင်းသားဘဝ၊ ဒါမှမဟုတ် စာသင်သားဘဝဟာ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့ အိမ်မှာ တစ်စတစ်စ အသားကျလာပါတယ်။ အိမ်မှာ စာအော်ဖတ်ရတာကို အရသာတွေ့လာပါတယ်။ ဒီလိုနဲ့ တစ်တန်းပြီးတစ်တန်း တက်ခဲ့လိုက်တာ ဆရာကြီး၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ကျွန်တော့်အဖို့ အင်မတန် ရင်းနှီးခင်မင်လာရတဲ့သူတွေ ဖြစ်လာခဲ့ပါတယ်။ ကျောင်းနေပျော်ပျော် စာတော်ရမယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်ဟာ စာသင်သားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလာခဲ့ပါတယ်။■ စာကြည့်တစ်နေ့မှာ ဆရာကြီးဟာ ကျွန်တော်တို့ အတန်းထဲကို ဝင်လာတယ်။ တပည့်တွေ ညီညီညာညာထပြီး 'မင်္ဂလာပါ ဆရာကြီး'လို့ ပြိုင်တူရပ်ပြီး အော်လိုက်ကြလို့ ဆရာကြီးက 'ကဲ.. ထိုင်ကြ၊ ထိုင်ကြ'ဆိုတယ်။ ပြီးတော့မှ 'သားတို့ သင်ခန်းစာတွေကို သားတို့ ဘယ်လို ကြည့်ကြသလဲ'လို့မေးတယ်။ 'နေ့တိုင်းကြည့်ပါတယ် ဆရာကြီး'လို့ ကျွန်တော် ဖြေလိုက်တယ်။ ဆရာကြီးက 'မနက် မျက်နှာသစ် သွားတိုက်ပြီးတဲ့နောက် စောစောစီးစီး ဉာဏ်ရွှင်အောင် တစ်နာရီကြာ စာကြည့်ရမယ်။ ညနေပိုင်းမှာတော့ တတ်နိုင်ရင် သုံးနာရီလောက် ကြည့်မှ စာကျေတယ်'လို့ ပြောပြပါတယ်။■ အကျင့်ကောင်းစာကြည့်တဲ့နေရာမှာ အကျင့်ကောင်းတွေရှိတယ်။ အဲဒီအကျင့်ကောင်းတွေကို စာသင်သား၊ တပည့်တွေအားလုံး သိထားရတယ်။ အဲဒီအတိုင်း အကျင့်ကောင်းတွေရအောင် လေ့ကျင့်ရမယ်လို့ ဆရာကြီး ပြောပြပါတယ်။ 'စာကြည့်တဲ့အခါမှာ ဦးနှောက်ကြည်လင် လန်းဆန်းနေမှ စာကြည့်ရမယ်။ တစ်ခု သတိထားရမှာက အိမ်ကိစ္စတွေလုပ်လို့ ပင်ပန်းနွမ်းနယ်နေတဲ့အခါမှာ စာကြည့်ရင် ဦးနှေက်က ဖျတ်လတ်နေတာ၊ နိုးကြားနေတာ မဟုတ်လို့ မင်းတို့ သင်ထားတဲ့ သင်ခန်းစာတွေကို မမှတ်မိနိုင်ဘူးနော်၊ အဲဒါ သေသေချာချာ မှတ်ထားရမယ်' အဲဒီမှာ ဆရာကြီး အသံဆုံးသွားတာနဲ့ 'ဟုတ်ကဲ့ မှတ်ထားပါ့မယ် ဆရာကြီး'လို့ အတန်းသားတွေရဲ့အသံတွေ ပြိုင်တူပေါ်လာပါတယ်။■ အချိန်မှန်အဓိက,ကတော့ အချိန်မှန်မှန် စာကြည့်ဖို့ပဲ။ နေ့တိုင်း ညမနက်တိုင်း သုံးနာရီလောက်ကြည့်ရင် လုံလောက်တယ်။ မနက်နဲ့ညမှာ တစ်ရက်ကြည့်လိုက်၊ တစ်ရက်ပျက်လိုက်နဲ့ မလုပ်ရဘူးနော်။ မှန်မှန်စာကြည့်တာဟာ စာကို အမြဲတမ်း မှတ်မိအောင်လုပ်တဲ့ လေ့ကျင့်ခန်းပဲ။ ဦးနှောက်ဟာ သင်ခန်းစာကို ဖတ်မှတ်ကျက်သမျှ မှတ်မိနေရင် ဒါ လန်းဆန်းနေလို့ပဲ။ တကယ်စာကြည့်တာကို တက်ကြွနေလို့ ဖြစ်တယ်နော်။■ စာကျေအောင်စာကြည့်တယ်ဆိုတာ တကယ်တော့ စာသင်သားတွေ စာကျေအောင် စာအလုပ်လုပ်နေတယ်ဆိုတာ သိထားရမယ်။ စာကြည့်တာဟာ စာကျေအောင် စာအလုပ်လုပ်နေတာ ဟုတ်ရဲ့လားလို့ ဆရာကြီး မေးလိုက်တာနဲ့ ဟုတ်ကဲ့ပါ ဆရာကြီးလို့ သံပြိုင်အော်သံဟာ ထွက်ပေါ်လာပါတယ်။ 'စာကြည့်တဲ့အခါမှာ' လို့ ဆရာကြီးက ဆက်ရှင်းပြပါတယ်။■ စိတ်ဝင်တစားစာကို စိတ်ဝင်တစားနဲ့ ကြည့်တဲ့အခါမှာ ဦးနှောက်က သွက်လက်နေလို့ စာကြည့်လို့ကောင်းတယ်။ စာလည်း မှတ်မိတယ်။ တပည့်တို့ တစ်ခုသတိထားရမှာက စာကြာကြ ကြည့်တဲ့အခါမှာ မျက်စိတွေဟာ ညောင်းညာလာတယ်။ ပြီးတော့ ဦးနှောက်လည်း ပင်ပန်းနွမ်းနယ်လာတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် စာကြည့်တာကို ရပ်လိုက်ပါ။ မျက်စိကို မိနစ်ဝက်လောက် ပိတ်ထားလိုက်ပါ။ ကောင်းတာကတော့ လမ်းနည်းနည်းလောက် ခပ်ဖြည်းဖြည်း လျှောက်လိုက်တာဟာ အနားယူမှု တစ်မျိုးပဲ။ ပင်ပန်းတာကို သက်သာစေတယ်။ သီချင်းကလေး နားထောင်လိုက်ရင်လည်း အာရုံပြောင်းသွားတယ်။ အကြောတွေ ပြေလျော့သွားအောင် အိပ်ရာပေါ်မှာ ခဏလှဲလိုက်ရင်လည်း အနားယူတာ တစ်မျိုးမို့ ဒါလည်း ကောင်းတာပဲနော်။■ အနားယူတကယ်တော့ သားတို့သမီးတို့ အနားယူ အပန်းဖြေတယ်ဆိုတာ နောက်ထပ်အားဖြည့်လာဖို့ အားလပ်ချိန်ကလေး ခဏယူလိုက်တာနော်။ အနားယူ အပန်းဖြေလိုက်မှ လူဟာ သက်သာပြီး နေလို့ထိုင်လို့ ကောင်းသွားတယ်။ အပန်းဖြေတယ်ဆိုတာ ပင်ပန်းနွမ်းနယ်တာကို လျော့သွားအောင်၊ ပြေလည်သွားအောင် ပြုလုပ်တာဖြစ်လို့ စာကြည့်တိုင်း ပင်ပန်းနွမ်းနယ်လာရင် အနားယူဖို့ မမေ့ရဘူးနော်။■ စာမမေ့အောင်တချို့က မနားဘူး။ ပင်ပန်းရင် ပင်ပန်းပါစေဆိုပြီး အားနဲ့မာန်နဲ့ ဆက်ပြီးစာကြည့်တာမျိုးကို လုံးဝမလုပ်ရဘူး။ အားကုန်လာရင်၊ ပင်ပန်းလာရင် ဦးနှောက်က သင်ခန်းစာကို မှတ်မထားနိုင်တော့ဘူး။ ပင်ပန်းနွမ်းနယ်လာရင် အဲဒီစာတွေ မေ့သွားနိုင်တယ်။ စာကျက်တာဟာ စာမေ့တာ ဖြစ်သွားနိုင်တယ်။ ဒီတော့ ပင်ပန်းနွမ်းနယ် ထင်တာနဲ့ နားလိုက်တာ အကောင်းဆုံးပဲနော်။ နားလည်ကြရဲ့လား။ နားလည်ပါတယ် ဆရာကြီးဆိုသော တပည့်တို့အသံက ဆရာကြီးအသံဆုံးသွားတာနဲ့ တစ်တန်းလုံး ညံသွားပါတယ်။ စာကျက်ရင် ဆရာကြီးပြောချင်တာ သတိထားစေချင်တယ်။ ဇွတ်မလုပ်စေချင်တာတွေက ဒီလိုပါ။■ မှန်မှန်စာကြည့်မှန်မှန်စာကြည့်ပါ။ စာမှန်မှန်ကျက်ပါ။ သိပ်ပင်ပန်းခံပြီး သိပ်အကြာကြီးမကျက်ပါနဲ့။ ပင်ပန်းလာတယ်။ နွမ်းနယ်လာတယ်ဆိုတာနဲ့ စာကျက်တာကိုရပ်ပြီး အနားယူလိုက်ပါ။ အာရုံပြောင်းသလို ဖြစ်သွားအောင် သီချင်းကလေးဖြစ်ဖြစ် နားထောင်လိုက်ပါ။ အကြောတွေ ပြေလျော့သွားအောင် အိပ်ရာပေါ်မှာ လှဲအိပ်လိုက်ပါ။ အဲသလို ပင်ပန်းရင် နားလိုက်၊ အနားယူလိုက်လို့ အပန်းပြေသွားရင် စာဆက်ကြည့်လိုက်။ အဲသလိုလုပ်ရင် စာလည်း မှတ်မိတယ်။ အမြဲတမ်းလန်းဆန်းတက်ကြွ နေလို့ စာကိုရတဲ့အထိ နားလိုက်ကျက်လိုက်နဲ့ သိပ်မပင်ပန်းဘဲနဲ့ စာရနိုင်တယ်။ မှတ်မိနိုင်တယ်။မှန်မှန်စာကြည့်တဲ့အတွက် မှတ်စရာတွေကို အကန့်လိုက် အကန့်လိုက် မှတ်သားထားနိုင်တယ်။ တစ်ရက်ကြည့်လိုက်၊ သုံးလေးရက် မကြည့်လိုက်လုပ်ရင် စာကို စွဲစွဲမြဲမြဲမှတ်သားဖို့ မဖြစ်နိုင်ဘူး။ ဒါကို စာသင်သားတွေ အမြဲသတိထားရမယ်။■ မှတ်မိအတိုချုပ်က စာကို နေ့တိုင်း အချိန်သတ်မှတ်ပြီး ကြည့်ပါ။ စာကြည့်တုန်း ပန်းလာရင် နားပါ။ အပန်းဖြေမှ စာကြည့်ပါ။ အဲဒီနည်းကသာ စာကြည့်ချင်စိတ်ရှိပြီး အမြဲတမ်း သူ့အချိန်နှင့်သူ စာကြည့်ချင်လာပြီး စာမေးပွဲကို ဖြေဆိုနိုင်မယ်လို့ ဆရာကြီးက သြဝါဒပေးတာပါ။■ မှတ်သားပြီဆရာကြီးစကားကို အလေးထားမှတ်သားပြီး ကျွန်တော် ကျင့်ကြံအားထုတ်လိုက်တာ ဆယ်တန်းစာမေးပွဲမှာ ဂုဏ်ထူးသုံးဘာသာနဲ့ ကျွန်တော် အောင်မြင်ခဲ့ပါတယ်။ ကျောင်းပျော် စာသင်သားဘဝမှာ စာမှန်မှန် စနစ်တကျကျက်ရင် စာမခက်ပါ။ ဒီလိုပါပဲ။ ကျောင်းနေပျော်ပြီး စာတော်တဲ့ကျောင်းသားဖြစ်ဖို့လည်း စာကျက်တာ၊ စာကြည့်တာကို အချိန်နဲ့ကြည့်ပါ။ ကျက်ပါ။ စနစ်၊ စည်းကမ်း၊ ကျင့်ကြံအားထုတ်ကြပါ။ အောင်မြင်ကြပါလိမ့်မယ်လို့ ကျောင်းပျော် စာသင်သားဘဝကို တင်ပြလိုက်ရပါတယ်။










