ဌာနအတွင်း ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေး၏ အမှုအား မတ် ၄ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ စစ်ဆေးရာတရားလို ဒေါ်သိန်းသိန်းနိုင်၏ သားဖြစ်သူအား စစ်ဆေးခဲ့ကြောင်း သိရသည်။“ဒီနေ့ကတော့ ကျွန်တော့်ကို တရားလိုလုပ်ပြီး တရားစွဲဆိုထားတဲ့ ဒေါ်သိန်းသိန်းနိုင်ရဲ့ သားဖြစ်သူကို စစ်ဆေးတာပါ။ တရားလိုပြ သက်သေပေါ့။ အာမခံကတော့ ဖေဖော်ဝါရီ ၁၈ ရက်က ရခဲ့တာပါ။ အာမခံရလို့ အခုကျွန်တော့်ကျန်းမာရေး အခြေအနေအရ ဆေးကုသမှု ခံယူနေပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် တရားရုံး၌ အမှုလာရောက်ရင်ဆိုင်စဉ် ဦးမြင့်ဇော်ထွေးက ပြောကြားသည်။ဌာနအတွင်း လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေးဖြစ်သူ ဦးမြင့်ဇော်ထွေးမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်တရားစွဲဆို ခံရစဉ်တွင် အာမခံမရရှိခဲ့ဘဲ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အာမခံ ရရှိသည့်နေ့အထိ ချုပ်ရက်များဖြင့် အမှုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ယင်းသို့ ဖမ်းဆီးအမှု ရင်ဆိုင်နေရစဉ် ကာလဖြစ်သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ရုံးချိန်းတွင် အကြီးတန်းစာရေး တစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ မရှိနိုင်သော်လည်း အထက်၏ စေခိုင်းမှုကြောင့်သာ ယခုကဲ့သို့ လုပ်ကိုင်ခဲ့ရခြင်းသာဖြစ်ပြီး ဌာနအတွင်း လာဘ်ပေးလာဘ်ယူမှုများအား ဖော်ထုတ်သွားမည်ဖြစ်ကြောင်းကို ဦးဇော်မြင့်ထွေးက ပြောကြားထားသည်။ ယင်းအပြင် ၎င်း၏အမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် ရှင်းလင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကာ အမှုနှင့်ပတ်သက်သည့် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်နေသူများ နောက်ကွယ်၌ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့သည်။ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်အတွင်းက ချမ်းအေးသာစံမြို့နယ်ရှိ မြေကွက်အရောင်းအဝယ်အတွက် ကာလတန်ဖိုးဖြတ်ရန် ငွေကျပ်သိန်း ၁၂၅၀ ဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ခဲ့သည်မှာ ညှိနှိုင်းမှုထက်နှစ်ဆ စည်းကြပ်ခဲ့သဖြင့် အခွန်ထမ်းဖြစ်သူမှ မကျေနပ်၍ ယင်းငွေများကို ပြန်လည်တောင်းယူခဲ့ရာတွင် မပေးနိုင်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် စတင်အမှုဖွင့်ခဲ့ပြီးနောက် ဥပဒေရုံး၏ အကြံပေးချက်အရ ပြစ်မှုကြီးအဖြစ် သတ်မှတ်ကာ ပုဒ်မ ၄၀၆ သို့ ပြောင်းလဲတရားစွဲဆိုခဲ့ကြောင်း ဖြစ်စဉ်မှတ်တမ်းများအရ စုံစမ်းသိရသည်။ ယင်းသို့ တရားစွဲဆိုခံရမှုအား ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စတင်တရားစွဲဆိုခဲ့ရာ စွပ်စွဲခံရသူမှာ ကျန်းမာရေး ချို့ယွင်းနေခြင်းကြောင့် အာမခံ လျှောက်ထားခဲ့သော်လည်း အာမခံမရရှိဘဲ မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ယင်းနောက် အမှုအား ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့ရာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ရုံးချိန်း၌ တရားရုံးမှ ဦးမြင့်ဇော်ထွေး၏ ကျန်းမာရေး အခြေအနေအရ အာမခံပေးခဲ့ကြောင်း သိရပြီး အဆိုပါအမှုအား မတ် ၁၆ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။
ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆိုခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး အမှုတွင် တရားလိုပြသက်သေ တစ်ဦးအား စစ်ဆေး