ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ် စီးနင်းသည့် ခရီးသည်များ လုယက်ခံရသည့် ဖြစ်စဉ်များ ပိုမို ဖြစ်ပွားလာကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ထိုသို့ ဖြစ်ပွားမှုမှာ နံနက် အစောပိုင်းတွင် ဖြစ်ပွားခြင်း ဖြစ်ပြီး ရဲမှုခင်း မှတ်တမ်းများအရ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။“ညဉ့်နက်ပိုင်းနဲ့ နံနက် အစောပိုင်းမှာ ကျူးလွန်မှုဖြစ်တာ များတယ်။ ခရီးသည်တွေကို လူပြတ်တဲ့ နေရာတွေကိုခေါ်ပြီး ခြိမ်းခြောက် ပစ္စည်းလုယက်တယ်။ ပြီးရင် ခရီးသည်ကို ထားခဲ့ပြီး ထွက်ပြေး မောင်းသွားတာမျိုး တွေ့ရတယ်။ ဒီဖြစ်စဉ်တွေ ဖြစ်ပေါ်လာတဲ့အတွက် အငှားယာဉ်မောင်းတွေ၊ ဆိုင်ကယ်ကယ်ရီ သမားတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ရဲတပ်ဖွဲ့တွေ မြို့နယ် ရပ်မိရပ်ဖတွေ ခေါ်ယူ တွေ့ဆုံ ပညာပေးမှုတွေ ပြုလုပ်နေပါတယ်။ လုယက်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ အကြောင်းအရာတွေ ကျူးလွန်ရင် ကျခံနိုင်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ရှင်းပြတယ်။ ပြီးတော့ ရဲတပ်ဖွဲ့တွေရဲ့ သက်ဆိုင်ရာ ဖုန်းနံပါတ်တွေ၊ လှည့်ကင်း မီးတန်းယာဉ်တွေရဲ့ ဖုန်းနံပါတ်တွေကို ပေးထားတယ်။ ပြည်သူတွေ အားလုံးလည်း လိုအပ်ရင် အလွယ်တကူ ရဲတပ်ဖွဲ့ကို အကြောင်းကြားနိုင်ဖို့ အဲဒီဖုန်းနံပါတ်တွေကို မှတ်သားထားသင့်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက မတ် ၂ ရက်တွင် ပြောကြားသည်။ထို့သို့ အငှားယာဉ်မောင်းများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လိုင်စင် အစစ်အမှန်များဖြင့်သာ မောင်းနှင်ကြရန်နှင့် ညဉ့်နက်ပိုင်းများတွင် ရဲတပ်ဖွဲ့ဝင်များက ယာဉ်များအား ရှာဖွေတားဆီး စစ်ဆေးမှုများ ပြုလုပ်သွားမည်ကို အသိပေး အကြောင်းကြားထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၅ နာရီခန့်၌ မိတ္ထီလာမြို့နယ်နေ ဦးရန်နိုင်ဌေးသည် ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ မိတ္တီလာမြို့မှ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ရောက်ရှိစဉ် အမျိုးသားတစ်ဦးမှာ ၎င်းတို့၏ အနားသို့ ရောက်ရှိလာပြီး ခရီးဆောင်အိတ်အား ဆွဲယူ၍ သွားလိုသော နေရာသို့ လိုက်ပါ ပို့ဆောင်ပေးမည်ဟု ပြောဆိုကာ ခရီးဆောင် အိတ်များကို အငှားယာဉ် တစ်စီးပေါ်သို့ တင်ပေးခဲ့ကြောင်း သိရသည်။မရမ်းကုန်းမြို့နယ်အတွင်း ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံ မော်တော်ယာဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့)
ထို့နောက် ဦးရန်နိုင်ဌေးက ဒဂုံတောင်မြို့နယ်၊ ၁၀၄ ရပ်ကွက်သို့ ငွေကျပ် ၆၀၀၀ ဖြင့် ငှားရမ်းခဲ့ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ရတနာအိမ်ရာအနီး အရောက်တွင် ခရီးဆောင်အိတ်များ သယ်ဆောင်ပေးခဲ့သူက ဦးရန်နိုင်ဌေး၏ လည်ပင်းအား ဓားဖြင့်ထောက်ပြီး “အသာတကြည်ပေး မအော်နဲ့” ဟု ခြိမ်းခြောက်ပြောဆို၍ ၎င်းတို့ထံမှ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်စွပ် တစ်ကွင်း၊ ဖုန်းနှစ်လုံးနှင့် ခရီးဆောင်အိတ်တို့အား လုယူကာထွက်ပြေး မောင်းနှင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူများအား ဒဂုံဆိပ်ကမ်း မြို့မ ရဲစခန်းမှ (ပ) ၂၉၀/၁၆၊ ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အလားတူ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၂ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်နေ ဦးခွန်မိုင်းမိုင်းနောင်သည် ၎င်း၏ သူငယ်ချင်း သုံးဦးနှင့်အတူ အလုံလမ်းမှ သမိုင်းဘူတာရုံလမ်းသို့ အငှားယာဉ်တစ်စီးအား ငှားရမ်းစီးနင်း၍ သူငယ်ချင်းများအား ပို့ဆောင်ခဲ့ပြီးနောက် ဦးခွန်မိုင်းမိုင်းနောင်က သုဝဏ္ဏဘက်သို့ အဆိုပါ အငှားယာဉ်အား ဆက်လက် ငှားရမ်းခဲ့ကာ ကားမှာ သုဝဏ္ဏဘက်သို့ မမောင်းဘဲ ဘုန်းကြီးလမ်းဘက်သို့ ချိုးကွေ့လိုက်သဖြင့် ဦးခွန်မိုင်းမိုင်းနောင်က “ဘယ်သွားတာလဲ” ဟု မေးမြန်းရာ ယာဉ်မောင်းက စံပြဈေးဘက်မှ သွားမည်ဖြစ်ကြောင်း ပြောသဖြင့် ပုံမှန်လမ်းအတိုင်း မောင်းရန် ပြန်ပြောခဲ့ကြောင်း သိရသည်။ယာဉ်မောင်းက သံသုမာလမ်းဘက်မှ ဂန္ဓမာလမ်းဘက်သို့ ပြန်လည်ချိုးကွေ့ မောင်းနှင်ခဲ့ပြီး တောင်ဥက္ကလာပဂေါက်ကွင်းအနီး မှောင်ရိပ်အရောက်တွင် ကားအားအရှိန် လျှော့မောင်းကာ ယာဉ်မောင်းက ဓားအတို တစ်ချောင်းကိုင်၍ ဦးခွန်မိုင်းမိုင်းနောင်ထံမှ ငွေကျပ် ၃၀၀၀၀၀ ကျော်နှင့် လက်ကိုင်ဖုန်းတို့အား လုယူခဲ့ကြောင်း သိရသည်။ထို့နောက် ယာဉ်မောင်းက ယာဉ်နောက်ဖုံးတွင် လိုက်ပါလာသည့် လူငယ်ကို “ဟေ့ကောင် ကြိုးနဲ့ ချည်လိုက်” ဟု ပြောစဉ် ယာဉ်၏ ယာဘက်အရှေ့ခြမ်းမှာ ကန်စွန်းမြောင်းထဲ သို့ကျသွားခဲ့ပြီး ယာဉ်တံခါးပွင့်ကာ ယာဉ်မောင်းမှာ ယာဉ်၏ အပြင်သို့ လွင့်ကျသွားခဲ့ကြောင်း သိရသည်။ထိုသို့ ယာဉ်မောင်း အပြင်သို့ လွင့်ကျသွားစဉ် ဦးခွန်မိုင်းမိုင်းနောင်မှာ ရုန်းကန်၍ ယာဉ်အပြင်သို့ ပြေးထွက်ကာ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံခဲ့ကာ ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ပြီး ကျူးလွန်သူ နှစ်ဦးဖြစ်သည့် တာမွေမြို့နယ်နေ လှဝင်း(ခ)တရုတ်နှင့် သင်္ဃန်းကျွန်းမြို့နယ်နေ မြတ်လင်းအောင်တို့အား အခင်းဖြစ်စဉ် ဖမ်းဆီးရမိခဲ့သဖြင့် မရမ်းကုန်းမြို့မ ရဲစခန်းက (ပ) ၂၄၈/၁၆ ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။“အရင်က တက္ကစီယာဉ်မောင်းတွေကို ငှားတဲ့သူတွေက ဓားထောက်လုယက်တယ် ကြားတယ်။ အခု တက္ကစီယာဉ်မောင်းတွေက ခရီးသည်ဆီကနေ ပြန်လုယက်တာမျိုးတွေ ဖြစ်နေတယ်။ ဘယ်သူ့ကို ဘယ်သူမှ လုယက်တာတွေ မဖြစ်စေချင်ဘူး။ ပြစ်မှု ကျူးလွန်သူတွေ အားလုံးကို ထိထိရောက်ရောက် အပြစ်ပေးသင့်တယ်။ မြန်မြန်ဆန်ဆန် ဖမ်းမိစေချင်တယ်။ အခုက ခရီးသည်တွေနဲ့ မှန်မှန်ကန်ကန် လုပ်စားနေတဲ့ တက္ကစီ ယာဉ်မောင်းကြားမှာ သံသယတွေ မဖြစ်စေချင်ဘူး” ဟု မြောက်ဒဂုံမြို့နယ်နေ အငှားယာဉ်မောင်း ကိုမင်းသူရစိုးက ဆိုသည်။ထို့ပြင် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၅ နာရီခွဲ ဝန်းကျင်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မောင်သီဟနိုင်လင်းသည် မန္တလေးမြို့မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီး အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း အငှားယာဉ်တစ်စီး ငှားရမ်း၍ နေအိမ်သို့ ပြန်လာစဉ် အငှားယာဉ်မှာ သာကေတမြို့နယ် (၁၆)ပေ ခုံးတံတားအနီး တိုင်းရင်းသား ကျေးရွာဘက်သို့ ချိုးကွေ့ကာ မှောင်ရိပ်ကျသော နေရာအရောက်၌ ယာဉ်ကိုရပ်တန့်ကာ ယာဉ်မောင်းနှင့် အမည်မသိ အမျိုးသား တစ်ဦးတို့မှ “မလှုပ်နဲ့” ဟု ပြောဆိုကာ ခရီးသည်၏ ရင်ဘတ်အား လက်ဖြင့်ဖိ၍ ကျောပိုးအိတ် အတွင်းမှ ဆင်းကတ်ပါ Samsung လက်ကိုင်ဖုန်း တစ်လုံးနှင့် iphone5s လက်ကိုင်ဖုန်း တစ်လုံး၊ ငွေစက္ကူ ၅၅၀၀၀ ကျပ်တို့ကို ယူဆောင်ပြီး ယာဉ်အား မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။