ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များအား သာယာဝတီမှ ရန်ကုန်သို့ နေ့စဉ်ရက်ဆက်နီးပါး ရုံးထုတ်နေသောကြောင့် ပင်ပန်းနွမ်းနယ်နေသည့်အတွက် ထောင်ပြောင်းစီစဉ်ပေးရန် သာယာဝတီခရိုင်တရားသူကြီးထံ တင်ပြ

ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များအား သာယာဝတီမှ ရန်ကုန်သို့ နေ့စဉ်ရက်ဆက်နီးပါး ရုံးထုတ်နေသောကြောင့် ပင်ပန်းနွမ်းနယ်နေသည့်အတွက် ထောင်ပြောင်းစီစဉ်ပေးရန် သာယာဝတီခရိုင်တရားသူကြီးထံ တင်ပြ
Published 1 March 2016
ဉာဏ်ဝင်းရှိန်

ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များအား သာယာဝတီမှ ရန်ကုန်သို့ နေ့စဉ်ရက်ဆက်နီးပါးရုံးထုတ်နေသဖြင့် ပင်ပန်းနွမ်းနယ်နေသည့်အတွက် မဖြစ်မနေထောင်ပြောင်းစီစဉ်ပေးရန်အတွက် သာယာဝတီခရိုင်တရား သူကြီးထံကျောင်းသားခေါင်းဆောင်များက တင်ပြထားကြောင်း သတင်းရရှိသည်။ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်တို့အား ယခင်ကပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများတွင် ဦးဆောင်သည်ဟုစွပ်စွဲကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားတွင် ပုဒ် မ ၁၈ ဖြင့် ပြီးခဲ့သည့်လက တရားစွဲဆိုထားသည်။ ယင်းသို့တရားစွဲဆိုခဲ့သည့်အတွက် တရားရုံးများသို့ သာယာဝတီမှ ရန်ကုန်သို့ တစ်ပတ်လျှင် သုံးရက်ဆက်တိုက် သွားရောက်ရုံးထွက်နေရသောကြောင့် ကျန်းမာရေးအပါအဝင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများရှိနေသဖြင့် ထောင်ပြောင်းစီစဉ်ပေးရန်အတွက် မတ် ၁ ရက်ရုံးထုတ်တွင် ကျောင်းသားခေါင်းဆောင်များက သာယာဝတီခရိုင် တရားသူကြီးထံသို့ သွားရောက်တင်ပြခဲ့ခြင်း ဖြစ်သည်။မဖြိုးဖြိုးအောင်က “ကျွန်မတို့ကို ရုံးထုတ်တာက နှစ်ပတ်သုံးပတ်လောက် တောက်လျှောက်ဖြစ်လာတဲ့အခါမှာ ကျွန်မတို့အနေနဲ့ ကိုယ်ခံစွမ်းအားတွေ တော်တော်လေးကို ယုတ်လျော့လာတယ်။ ပိုဆိုးတာကတစ်ခုခုဆို အာရုံစိုက်လို့ မရတော့တာ။ ရုတ်တရက် ကျန်းမာရေး ထိခိုက်သွားမှာကိုလည်း ကျွန်မတို့က စိတ်ပူတယ်။ ပြီးတော့ ကျွန်မတို့မိသားစုတွေ အချိန်ကုန်တာမျိုးတွေလည်း ဖြစ်တယ်” ဟု ပြောကြားသည်။ယင်းကိစ္စနှင့် ပတ်သက်ပြီး ထောင်ပြောင်းပေးရန် ယခင်ကပြောခဲ့ဖူးသော်လည်း တရားရုံး၊ ရဲတပ်ဖွဲ့နှင့်အကျဉ်းဦးစီးတို့မှ တာဝန်ယူ တာဝန်ခံမှုမရှိခဲ့ဘဲ ၎င်းတို့အား အရေးယူရန် ကိစ္စဆိုလျှင်မူ ချက်ချင်းအပြေးအလွှား ရောက်ရှိလာသည်ဟု မဖြိုးဖြိုးအောင်က ဝေဖန်သည်။၎င်းက “ကျွန်မတို့ပြဿနာက ဘာလဲဆိုတော့ ကျွန်မတို့မပြောဘဲနေခဲ့တာ တစ်ခုမှမရှိဘူး။ စပြီးခေါ်ကတည်းက တောက်လျှောက် ကျွန်မတို့နဲ့နီးစပ်တဲ့ အကျဉ်းထောင်ရယ်၊ တရားရုံးရယ်၊ ရဲရယ်ကိုပြောခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက်က ဘော်လီဘော ပုတ်နေကြတယ်။ တင်ပြပေးပါမယ်လို့ပြောတာတောင် ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ အများအားဖြင့်တော့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူးလို့ ပြောကြတာများတယ်။ ကျွန်မပြောခဲ့ဖူးပါတယ်။ အရေးယူရမယ်ဆိုရင်တော့ အဲဒီလို ဘော်လီဘောမပုတ်ဘဲ အပြေးအလွှားရောက်လာကြတယ်။ ပြီးခဲ့တဲ့အပတ် မင်္ဂလာတောင်ညွန့်ရုံးချိန်းမှာဆိုရင် ကျောက်တံတားမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့က ကျွန်မတို့ကို အပြန်အလှန်လုနေကြတယ်။ သင်္ဃန်းကျွန်းကလည်း လာခဲ့ပါ။ ကျောက်တံတားက လည်းလာခဲ့ပါဆိုပြီး”ဟု ဝေဖန်ပြောကြားသည်။ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ ဒေါ်ခင်ခင်ကျော်က “ဒီနေ့ကျွန်မက ရဲအုပ်ဝင်းဇော်ကို ဆက်စစ်ပါတယ်။ အခင်းဖြစ်နေ့က သူကအဲဒီမှာရှိတယ်လို့ ထွက်ဆိုထားတော့ ရဲတပ်ဖွဲ့ဝင်တွေက ကားတွေလည်း ဖျက်ဆီးတယ်။ ခွပ်ဒေါင်းအလံကိုလည်း ခြေနဲ့နင်းတာတို့ လုပ်တာတွေကို အခင်းဖြစ်နေရာမှာ မြင်လားလို့ ကျွန်မကမေးတော့ သူကမမြင်ဘူးလို့ပြောတယ်။ ဒါပေမဲ့ ကလေးတွေက ရဲတွေကို တွန်းတာတို့၊ ရေသန့်ဘူးတို့နဲ့ပစ်တာကိုတော့ သူမြင်တယ်ဆိုပြီး ထွက်ဆိုတယ်။ တစ်ချိန်တည်းမှာဖြစ်တဲ့ ဖြစ်ရပ်နှစ်ခုမှာ သူမြင်ချင်တဲ့ဟာကိုပဲ မြင်တဲ့သဘောပေါ့”ဟု ပြောကြားသည်။                   

Most Read

Most Recent