RCSS မှ နယ်မြေကျော်လွန် လှုပ်ရှားမှုနှင့် KNU မှ ဒေသခံများအား ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင် တပ်မတော် တင်ပြ

RCSS မှ နယ်မြေကျော်လွန် လှုပ်ရှားမှုနှင့် KNU မှ ဒေသခံများအား ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင် တပ်မတော် တင်ပြ
Published 22 February 2016
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သော RCSS/SSA မှ နယ်မြေကျော်လွန် လှုပ်ရှားမှုနှင့် KNU မှ ဒေသခံများအား ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးတွင် တပ်မတော် ကိုယ်စားလှယ် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။JMC-U ကို တပ်မတော် အဆင့်မြင့် အရာရှိများ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ယခု JMC-U အစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာပဲ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်တာရှိတယ်။ RCSS အဖွဲ့တွေ နယ်မြေကျော်လွန်တာတွေ ရှိပါတယ်” ဟု အစည်းအဝေး ပထမနေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ထို့ပြင် RCSS/SSA အဖွဲ့များ ရောက်လာသည့်အတွက် ကျေးရွာအချို့မှ ရွာသားများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့ကြောင်း၊ ထွက်ပြေးတိမ်းရှောင်သူများထဲတွင် ကျောင်းသား၊ ကျောင်းသူများလည်း ပါရှိခဲ့ကြောင်း၊ အဆိုပါ ကိစ္စများသည် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်သောကြောင့် ဆွေးနွေးပွဲတွင် ညှိနှိုင်းအဖြေရှာရန် လိုအပ်ကြောင်း၊ RCSS/SSA အဖွဲ့နှင့်လည်း သီးသန့် ဆွေးနွေးမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။“ဒါတွေဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာလည်း ဆွေးနွေးပြီးတော့ အဖြေရှာ ဆောင်ရွက်သွားဖို့ကို လိုအပ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာ တပ်မဟာ (၃) နယ်မြေမှာ ရွာသူရွာသားတွေ ကေအင်န်ယူ အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်လေးတွေလည်း ရှိပါတယ်။ တပ်မဟာ (၅) နယ်မြေမှာလည်း ထို့အတူ ဖြစ်စဉ်လေးတွေ ရှိပါတယ်။ တပ်မဟာ (၂) နယ်မြေမှာလည်း ဒါမျိုးလေးတွေ တွေ့ရပါတယ်။ ဒါတွေကိုလည်း ဒီမှာ နှစ်ဖက် ညှိနှိုင်းပြီး အဖြေရှာပြီး ဒါမျိုးကိစ္စတွေ နောက်မဖြစ်အောင် ဘယ်လိုပုံစံနဲ့ ဖြေရှင်းဆောင်ရွက်သွားမလဲ ဒါလေးတွေကို အဖြေရှာ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။JMC-U ဒုတိယဥက္ကဋ္ဌ (၁) KNU မှ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက “ဖြစ်တဲ့ တိုက်ခိုက်မှုလေးတွေကလည်း လောလောဆယ် ဖြစ်တော့ ဖြစ်နေမှာပဲ။ ဖြစ်နေတယ် ဆိုပေမယ်လို့ ဒါကို ကျွန်တော်တို့က အချိန်မီ ဖြေရှင်းပြီးတော့ နောက်ထပ် ဒါတွေ မဖြစ်အောင်လည်း ကျွန်တော်တို့က ကြိုးစားပြီးတော့ ဆက်ပြီးတော့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုရှိပြီးသား ကဏ္ဍကိုလည်း ပြောမယ်ဆိုရင် အကောင်အထည်ဖော်တဲ့ အပိုင်းမှာ ထပ်ပြီးတော့ ညှိနှိုင်းသွားပြီးတော့ ဒီအခြေအနေကနေ အကောင်အထည်ဖော်တဲ့ အပိုင်းကို အဓိကထားပြီး အတူတကွ ဆက်ပြီးတော့ အပစ်အခတ် ရပ်တဲ့ဟာကို ကြိုးစားပြီး အကောင်အထည် ဖော်သွားကြမယ်” ဟု ပြောကြားသည်။ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အကောင်အထည် ဖော်ရာ၌ တိုးတက်လာသည်ဟု ပြောလို့ရကြောင်း၊ လက်ရှိ ရရှိနေသည့် ငြိမ်းချမ်းရေးဆောင်ရွက်ချက်များသည် ပြုစုစောင့်ရှောက်မှုအပေါ် မူတည်ပြီး ဖွံ့ဖြိုးတိုးတက်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်သည်ကို ဆင်ခြင်သုံးသပ်ရန် လိုကြောင်း JMC-U ဒုတိယဥက္ကဋ္ဌ (၂) အရပ်သား ကိုယ်စားလှယ် ဦးပြည့်စုံက ပြောကြားသည်။ဦးပြည်စုံက “ငြိမ်းချမ်းရေး သန္ဓေသားကို ကျွန်တော်တို့ စတင်ပြီး ရရှိပြီး ဖြစ်ပါတယ်။ ယခင့်ယခင် အစိုးရ အဆက်ဆက်ကလည်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သန္ဓေသားဘဝမှာ တိုးတက်မလာခဲ့ပါဘူး။ အခု သန္ဓေသားဘဝက တိုးတက်လာဖို့ ကျွန်တော်တို့ ညီအစ်ကိုတွေ ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်ပါတယ်လို့ တင်ပြလိုပါတယ်” ဟု ပြောကြားသည်။JMC-U ၏ ယခု အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ရုံးအဖွဲ့နှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် ရုံးအဖွဲ့များ၏ လုပ်ငန်းလမ်းညွှန်အရ ခန့်အပ်မည့် ဌာနအကြီးအကဲ ရာထူးအသီးသီးအတွက် တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ဆွေးနွေးအတည်ပြုခြင်း၊ ပြည်ထောင်စုအဆင့် ရုံးအဖွဲ့၏ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်သည့်ကိစ္စ တင်ပြအတည်ပြုခြင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ် ဆွေးနွေးခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် အခြားကော်မတီများ ဖွဲ့စည်းခြင်း ကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။         

Most Read

Most Recent