ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ် ထုတ်ဝေနိုင်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အဖွဲ့ဝင်များ ရန်ကုန်မြို့၌ ဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ် ထုတ်ဝေနိုင်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အဖွဲ့ဝင်များ ရန်ကုန်မြို့၌ ဆွေးနွေး
Published 20 February 2016
အောင်ဇော်ထွန်း၊ ရန်ပိုင်၊ ဝီရမိုးနေ

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ်ကို ဖေဖော်ဝါရီလကုန် သို့မဟုတ် မတ်လအတွင်း ထုတ်ဝေနိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ဆွေးနွေးမှုများအရ သိရသည်။အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ စသည့်အစုအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သော UPDJC ၏ ယခုအစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းနှင့် ဆွေးနွေးချက် အစီရင်ခံစာများ ထုတ်ဝေနိုင်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခဲ့ရာ၌ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးခက်ထိန်နန်က “ညီလာခံ မှတ်တမ်းကတော့ ပထမဦးစားပေး အနေနဲ့ ထုတ်သွားမယ်။ နောက်ဆွေးနွေးချက် ပြည့်ပြည့်စုံစုံနဲ့ ဆွေးနွေးချက် အစီရင်ခံစာကို ဆက်ပြီးတော့ လုပ်သွားမယ်။ ညီလာခံ မှတ်တမ်းကိုတော့ အားလုံးကို ဖြန့်ဝေသွားနိုင်အောင်လို့ ရည်ရွယ်ချက် ထားရှိပါတယ်။ ဆွေးနွေးချက် အစီရင်ခံစာကိုတော့ အားလုံးကို ပေးဖို့မဟုတ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးသွားဖို့ ဆိုတဲ့အချက် ဖြစ်ပါတယ်”ဟု ပြောကြားသည်။ဆက်လက်၍ ၎င်းက “စာအုပ်ကတော့ ဖေဖော်ဝါရီနဲ့မတ်မှာ ထုတ်နိုင်အောင်ဆိုပြီး ကျွန်တော်တို့ စီစဉ်နေတာပေါ့။ ဖေဖော်ဝါရီ လကုန်ပိုင်း မဟုတ်ရင် မတ်လမှာ စာအုပ်ထုတ်ဝေနိုင်ဖို့ ဒီနေ့အဲဒါလည်း တိုင်ပင်သဘာတူ ဆုံးဖြတ်ကြတယ်။ စာအုပ်ထုတ်ဝေဖို့အတွက် ပါဝင်မယ့် မာတိကာကို ကျွန်တော်တို့အားလုံး ဒီနေ့ဆွေးနွေးပြီးပြီ။ အသေးစိတ်ကိုတော့ အတွင်းရေးမှူးအဖွဲ့က ဆောင်ရွက်သွားမယ်” ဟု ပြောကြားသည်။UPDJC အတွင်းရေးမှူးအဖွဲ့၏ အစည်းအဝေးကို မတ်လ ဒုတိယပတ်တွင် ကျင်းပရန် စီစဉ်ထားကြောင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ်၌ လက်ရှိအစိုးရ လက်ထက်တွင် လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်၏ ပြောပြချက်အရ သိရသည်။ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ရာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီစသည့် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent