လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်နှင့် ပတ်သက်၍ ဝေဖန်ရေးသား ချက်များကို ဖတ်ရှုရခြင်း မရှိသော်လည်း ပြည်သူများ အထင်မှားစရာ ရှိလာသည့်အတွက် သတင်းထုတ်ပြန်ခြင်းဖြစ်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်နှင့် ပတ်သက်၍ ဝေဖန်ရေးသား ချက်များကို ဖတ်ရှုရခြင်း မရှိသော်လည်း ပြည်သူများ အထင်မှားစရာ ရှိလာသည့်အတွက် သတင်းထုတ်ပြန်ခြင်းဖြစ်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား
Published 19 February 2016

လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်နှင့် ပတ်သက်၍ ပြည်သူများ အထင်မှားစရာများ ရှိလာသည့်အတွက် သတင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။
'ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်' ကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြည်ထောင်စု လွှတ်တော်က 'မလိုလားအပ်သော အပြုသဘော မဆောင်သည့် ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်သူလူထု အနေဖြင့် သတိပြု ဆင်ခြင်နိုင်ပါရန် ထုတ်ပြန်အပ်ပါသည်' ဟု သတင်းထုတ်ပြန် ခဲ့သည်။
အဆိုပါ သင်တန်းနှင့် ပတ်သက်၍ လူမှုကွန်ရက်အချို့၌ နိုင်ငံတော်နှင့် ဥပဒေပြု လွှတ်တော်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် UNDP၊ IPU၊ အပါအဝင် မိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ပံ့ပိုးမှုများကို ထိခိုက်စေသော အချက်များ၊ ပြည်သူများ အထင်အမြင် လွဲမှားစေနိုင်သည့် ထင်မြင်ယူဆချက်များကို ရေးသားဖော်ပြ လျက်ရှိကြောင်း သိရသဖြင့်  ထိုသို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
သင်တန်းနှင့် ပတ်သက်၍ ပြည်သူများ အထင်အမြင် လွဲမှားစေနိုင်သည့် ရေးသားဖော်ပြချက်များကို ဖတ်ရှုခဲ့ရခြင်း မရှိသော်လည်း ပြည်သူများ အထင်အမြင် မှားစရာများ ရှိလာသည့်အတွက် ထိုသို့ထုတ်ပြန် ရခြင်းဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောကြားသည်။
"အခုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက သက်တမ်းက နုသေးတယ်။ အခုမှ ပါလာတဲ့သူတွေ တချို့ရှိတယ်။ ဘာပဲပြောပြော သူတို့က နိုင်ငံ့အရေးကို တာဝန်ထမ်းဆောင်မယ့် သူတွေလေ။ သူတို့မှာ အရည်အချင်း ပြည့်ပြည့်၀၀ရှိဖို့ လိုတာပေါ့။ အဲဒါကြောင့်မို့ UNDP တို့က လာကူညီပေးတာ ကိုယ်တို့က လက်ခံတယ်။ ကျေးဇူးတင်တယ်။ ခုန ထုတ်ပြန်တာနဲ့ ပတ်သက်လို့ကတော့ ကိုယ်တို့ကတော့ ဖေ့စ်ဘွတ် (Facebook) မဖတ်ခဲ့ရပါဘူး၊ မဖတ်ရပါဘူး။ ဒါပေမဲ့ အထင်အမြင် မှားစရာတွေ ရှိလာတဲ့အတွက်ကြောင့် ပြည်သူတွေ အထင်အမြင် မမှားနိုင်အောင် ပြန်တင်ခိုင်းလိုက်တဲ့ သဘောပါပဲ" ဟု ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ် (Induction Programme) ကို လွှတ်တော်ရုံး အသီးသီးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) နှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်ထိ လွှတ်တော်ဝင်း အတွင်း၌ ပြုလုပ်ခဲ့သည်။
"ဝေဖန်ရေးသား ထားတာက မှားသလား မှန်သလား ဆိုတာကိုပဲ ပြန်ပြောသင့်တာပေါ့။ မှားရင်တော့ မှားတယ် ထောက်ပြလိုက်ပေါ့။ ဘယ်အချက်ကတော့ မဟုတ်ဘူး။ ဒီလိုဒီလိုရှိတယ် ဆိုတာကို ရှင်းပြလိုက်ပေါ့။ ဒီလိုထုတ်ပြန်ချက်တွေ မလိုပါဘူး" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

Most Read

Most Recent