ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကော်မတီ စုစုပေါင်း ၁၀ ခု ဖွဲ့စည်းထားပြီး လွှတ်တော်ကော်မတီ သုံးခု ဆက်လက်ဖွဲ့စည်းရန် တင်ပြ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကော်မတီ စုစုပေါင်း ၁၀ ခု ဖွဲ့စည်းထားပြီး လွှတ်တော်ကော်မတီ သုံးခု ဆက်လက်ဖွဲ့စည်းရန် တင်ပြ
Published 19 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှ လက်ရှိအချိန်အထိ လွှတ်တော်ကော်မတီ စုစုပေါင်း ၁၀ ခုဖွဲ့စည်းထားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အပါအဝင် ကော်မတီသုံးခု ဆက်လက်ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် တင်ပြခဲ့သည်။
အဆိုပါကော်မတီ သုံးခုမှာ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတို့ဖြစ်ပြီး ယင်းကော်မတီများ၏ သက်တမ်းမှာ တစ်နှစ်အဖြစ် လျာထားကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့ စည်းရန်လျာထားပြီး ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်တို့အား တာဝန်ပေးအပ်ရန် လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအနေဖြင့် ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အားကစား ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏ ကျန်းမာရေး တိုးတက်စေရေး အတွက် အလေးထား ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးတွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်ရန် လိုအပ်မည့် ဥပဒေပြဋ္ဌာန်းရန် ရှိပါက လေ့လာ၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရန် လုပ်ငန်းတာဝန်များ ပေးအပ်ထားသည်။
ဆက်လက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မဲဆန္ဒနယ်မှ ဦးစိုးသူရထွန်းနှင့် အတွင်းရေးမှူးအဖြစ် ဒဂုံမြို့သစ်တောင်ပိုင်း မဲဆန္ဒနယ်မှ ဦးအေးနိုင်တို့အား တာဝန်ပေးအပ် ဖွဲ့စည်းမည် ဖြစ်ကြောင်း ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။
အဆိုပါ ကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ သဘာဝသယံဇာတ ပစ္စည်းများကို စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေး အားပေးကူညီ ရမည်ဖြစ်ကြောင်း၊ သဘာ၀ သယံဇာတပစ္စည်းများ ထုတ်လုပ်ရာတွင် ဂေဟစနစ် မပျက်သုဉ်းစေရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မပျက်ယွင်း စေရေးအတွက် စိစစ်ညှိနှိုင်း ကူညီဆောင်ရွက် ရမည်ဟု လုပ်ငန်းတာဝန်များ ပေးအပ်ထားသည်။
ဆက်လက်ပြီး ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကာ ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းနှင့် အတွင်းရေးမှူးအဖြစ် ပန်းဘဲတန်း မဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေတို့အား တာဝန်ပေးအပ် ဖွဲ့စည်းမည်ဖြစ်ပြီး ကော်မတီ၏ လုပ်ငန်းတာဝန်မှာ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှ လက်ရှိအချိန်အထိ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ပညာရေးမြှင့်တင်မှု ကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တို့ကို ဖွဲ့စည်းထားသည်။
ပြီးခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ကာလအတွင်း ကော်မတီစုစုပေါင်း ၂၃ ခုနှင့် ကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
 

Most Read

Most Recent