ကျောင်းသားများ ဖမ်းဆီးအရေးယူ ခံထားရမှုနှင့် ပတ်သက်၍ လာမည့်အစိုးရ လက်ထက်တွင် ကျောင်းသားများအတွက် စောင့်ကြည့်ဆောင်ရွက် ပေးသွားမည်ဟု ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌသစ် ဒေါက်တာတင်အောင် ပြောကြား

ကျောင်းသားများ ဖမ်းဆီးအရေးယူ ခံထားရမှုနှင့် ပတ်သက်၍ လာမည့်အစိုးရ လက်ထက်တွင် ကျောင်းသားများအတွက် စောင့်ကြည့်ဆောင်ရွက် ပေးသွားမည်ဟု ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌသစ် ဒေါက်တာတင်အောင် ပြောကြား
Published 18 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

 
ကျောင်းသားများ ဖမ်းဆီးအရေးယူ ခံထားရမှုနှင့် ပတ်သက်၍ လာမည့်အစိုးရ လက်ထက်တွင် ပညာရေးမြှင့်တင်မှု ကော်မတီအနေဖြင့် ကျောင်းသားများ အတွက် စောင့်ကြည့်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌသစ် ဒေါက်တာတင်အောင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၁၈ ရက်က ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းခဲ့သော ပညာရေးမြှင့်တင်မှု ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ် ခံရပြီးနောက် ဒေါက်တာတင်အောင်က ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
"ဒါတွေက ပထမအကြိမ် လွှတ်တော်နဲ့ ပထမအကြိမ် အစိုးရလက်ထက်က လုပ်ထားခဲ့တဲ့ဟာကျတော့ ကျွန်တော်တို့က ဒါတွေကို အခုချိန် တိုက်တွန်းရင်လည်း ထိထိရောက်ရောက် ဖြစ်မယ်ထင်မထားဘူး။ ဒါအပွင့်လင်းဆုံး ပြောတာပေါ့။ နောင်လာမယ့် အစိုးရသက်တမ်းမှာတော့ ကျွန်တော်တို့ အစွမ်းကုန်ကြိုး စားပြီးတော့ ကျောင်းသားတွေအတွက် စောင့်ကြည့်ဆောင်ရွက် ပေးသွားမှာပါ" ဟု ကျောင်းသားများ ဖမ်ဆီးအရေးယူ ခံထားရမှုကို ကော်မတီအနေဖြင့် မည်သို့ဆောင်ရွက်မည်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌသစ် ဒေါက်တာတင်အောင်က ဖြေကြားသည်။
ထို့အတူ ပထမအကြိမ် လွှတ်တော်တွင် အတည်ပြုခဲ့သော အမျိုးသားပညာရေး ဥပဒေကို သေချာစွာ ပြန်လည်လေ့လာပြီး ဒီမိုကရေစီနှင့် ကိုက်ညီသည့် NLD ပါတီမှ ချမှတ်ထားသည့် ပညာရေး မျှော်မှန်းချက်များနှင့် ကိုက်ညီမှု ရှိစေရန် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ အကောင်းဆုံးဖြစ်အောင်၊ အနိမ့်ဆုံးတော့ အာဆီယံအဆင့်ကို မီအောင်ပေါ့။ ကမ္ဘာကို မမီနိုင်ရင်တောင်မှ အာဆီယံကိုမီအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ" ဟု ဒေါက်တာတင်အောင်က ပြောကြားသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကို ဖေဖော်ဝါရီ ၁၈ ရက်က ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင်၊ အတွင်းရေးမှူးအဖြစ် တွန်းဇံမဲဆန္ဒနယ်မှ ဦးခမ်ခန့်ထန်တို့ကို တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်များတွင် ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဒေါက်တာမောင်သင်း၊ ဦးစောကျော်ဝင်းမောင်၊ ဦးတင်လှ၊ ဦးရွှေလှ (ခ) ဦးရွှေလှဝင်း၊ ဦးမျိုးညွန့်၊ ဦးစိန်ဟံ၊ ဦးဝင်းအောင်၊ ဦးမြင့်ထွန်း၊ ဦးမြင့်ငွေ၊ ဦးနန်မွန်ထင်၊ ဦးကျော်ရွှေ၊ ဗိုလ်မှူးချုပ်စိုးမြင့်တို့ ပါဝင်သည်။
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းခဲ့သည့် ပညာရေးမြှင့်တင်မှု ကော်မတီသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး ကော်မတီသည် ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများကို လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်ကြောင်း သိရသည်။
ကော်မတီသည် ပညာရေး မြှင့်တင်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ ပြည်သူတို့၏ ပညာရေး တိုးတက်စေရေးတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍ ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ပညာရေးစနစ် ဖော်ဆောင်ရေးကို ဖော်ဆောင်ရာတွင် ကူညီပေးခြင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် တွေ့ရှိက လွှတ်တော်သို့တင်ပြခြင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြေညာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု မရှိပါက သက်ဆိုင်ရာသို့ လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီခြင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
 
 

Most Read

Most Recent