တာချီလိတ်မြို့နယ် နားဟိုင်းလုံရွာ အနီးရှိ ရွှေလုပ်ကွက်များကြောင့် သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိခဲ့သည့် လယ်ယာမြေများအတွက် တူးဖော်လုပ်ကိုင်နေသည့် ကုမ္ပဏီလေးခုက တစ်နှစ်လျှင် ထိုင်းဘတ်ငွေ လေးသန်း ပေးလျော်ရမည်

တာချီလိတ်မြို့နယ် နားဟိုင်းလုံရွာ အနီးရှိ ရွှေလုပ်ကွက်များကြောင့် သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိခဲ့သည့် လယ်ယာမြေများအတွက် တူးဖော်လုပ်ကိုင်နေသည့် ကုမ္ပဏီလေးခုက တစ်နှစ်လျှင် ထိုင်းဘတ်ငွေ လေးသန်း ပေးလျော်ရမည်
Published 18 February 2016

တာချီလိတ်မြို့နယ် နားဟိုင်းလုံရွာအနီးရှိ ရွှေလုပ်ကွက်များကြောင့် သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိခဲ့သည့် လယ်ယာမြေများအတွက် လက်ရှိတူးဖော် လုပ်ကိုင်နေသည့် ကုမ္ပဏီလေးခုက တစ်နှစ်လျှင် ထိုင်းဘတ်ငွေ လေးသန်း ပေးလျော်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
"ကုမ္ပဏီတွေဆီကနေ လျော်ကြေးကို တစ်နှစ် ထိုင်းဘတ်ငွေ လေးသန်းတောင်းတယ်။ ကုမ္ပဏီတွေ ဘက်ကလည်း ပေးလျော်ဖို့ သဘောတူညီမှု ရှိပါတယ်။ လက်ရှိမှာတော့ လုပ်ငန်းလုပ်ကိုင်နေတာ ကုမ္ပဏီလေးခုရှိတယ်။ အဲဒီကုမ္ပဏီ လေးခုကနေပြီး အချိုးကျ ပေးလျော်ရမှာပေါ့။ ပေးလျော်ရမယ့်ကာလ အနေနဲ့ကတော့ ဒီကုမ္ပဏီတွေ အနေနဲ့ နားဟိုင်းလုံမှာ လုပ်ငန်းလုပ်ကိုင်နေသ၍ ပေးလျော်ကြရမှာ ဖြစ်ပါတယ်။ ပြီးတော့ ပျက်သွားတဲ့ လယ်တွေကိုလည်း စပါးစိုက်လို့ မရရင် ဖရဲတို့ သခွားတို့လိုမျိုး သီးနှံတွေ စိုက်နိုင်ဖို့ ကူညီပေးရမယ်ဆိုပြီး သဘောတူ ထားတာလည်း ရှိပါတယ်" ဟု  ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေး မှူး ဦးတင်နွယ်က ပြောကြားသည်။
လက်ရှိတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိကာ လျော်ကြေးပေးလျော်ရမည့် ကုမ္ပဏီများ စာရင်းတွင် လွယ်ခမ်းလုံကုမ္ပဏီ၊ စိုင်းစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ တာချီလိတ် ရွှေတောင်ကုမ္ပဏီနှင့် ရွှေရှမ်းမင်း ကုမ္ပဏီတို့ ပါဝင်ပြီး အဆိုပါ ကုမ္ပဏီလေးခုလုံးမှာ နိုင်ငံသား ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။
ရွှေလုပ်ကွက်များကြောင့် ပျက်စီးကာ အထွက်နှုန်း လျော့နည်းခဲ့သည့် လယ်ယာမြေနှင့် သီးနှံဧကပေါင်းမှာ ၁၆၈ ဧကမှ ဧက ၂၀၀ ကြားရှိကြောင်း သိရသည်။
သတ္တုလုပ်ကွက်များနှင့် နားဟိုင်းလုံရွာရှိ လယ်ယာမြေနှင့် စိုက်ခင်းများမှာ အကွာအဝေးအားဖြင့် ငါးမိုင် ကွာဝေးသော်လည်း သတ္တုတူးဖော်သည့် ကုမ္ပဏီများမှ မြေစာများ ချောင်းထဲသို့ကျပြီး ချောင်းမှတစ်ဆင့် လယ်ရေသွင်းသည့် မြောင်းများပိတ်ကာ လယ်ထဲသို့ နှုန်းမြေစာများ ဝင်ရောက်သဖြင့် ပျက်စီးမှု ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း သိရသည်။ 
နားဟိုင်းလုံရွာတွင် ယင်းကဲ့သို့ သီးနှံပျက်စီးမှုနှင့် ပတ်သက်၍ လျော်ကြေးပေးလျော်မှုကို ၂၀၁၅ ခုနှစ် အတွင်းကလည်း ပြုလုပ်ခဲ့ရပြီး ကုမ္ပဏီများက ကျပ်ငွေ ၁၁၁ သန်းကျော် ပေးလျော်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent