အသစ်ဖွဲ့စည်းတော့မည် တိုင်းဒေသကြီး လွှတ်တော်၏ ရေးရာကော်မတီတွင် တာဝန်ထမ်းဆောင်မည် မဟုတ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက အကြောင်းပြန်ထားကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်က ပြန်လည်ကျင်းပရာ ရေးရာကော်မတီ ကိုးခု ဖွဲ့စည်းတာဝန်ပေးအပ်ရန်အတွက် လျာထားမှုများနှင့်အတူ ပထမနေ့တွင် ရေးရာကော်မတီငါးခု ဖွဲ့စည်းခဲ့ပြီး ကျန်ရှိသည့် ရေးရာကော်မတီလေးခု ဖွဲ့စည်းရန် စီစဉ်ခဲ့သော်လည်း ဖွဲ့စည်းနိုင်ခြင်း မရှိတော့သလို ယင်းဖွဲ့စည်းမည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးရာကော်မတီတွင် ဥက္ကဋ္ဌတာဝန် ပေးအပ်ရန်လျာထားသည့် ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက တာဝန်ထမ်းဆောင်ခြင်း မပြုလိုကြောင်း အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်တော်တို့က ဝန်ကြီးချုပ်ကို ဒီလိုမျိုး လျှပ်စစ်ရေးရာကော်မတီမှာ ဥက္ကဋ္ဌအဖြစ် လျာထားကြောင်း ကမ်းလှမ်းအကြောင်း ကြားစာပို့ပါတယ်။ ဝန်ကြီးချုပ်ဘက်ကတော့ လာမည့် အစိုးရအဖွဲ့အသစ်မှာ ဘယ်ရေးရာကော်မတီမှာမှ ပါဝင်လိုခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားခဲ့တာပါ” ဟု ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင် က ပြောကြားသည်။အဆိုပါ ဖွဲ့စည်းလိုက်သည့် ကော်မတီငါးခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက အကြံဉာဏ်ပေးခြင်းများ ပြုလုပ်ခဲ့သလို ကျန်ရှိသည့် ရေးရာကော်မတီများကို ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရဖွဲ့စည်းပြီးမှသာ ဖွဲ့စည်းတာဝန် ပေးအပ်တော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက် နံနက်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပြီး အစည်းအဝေးကို ရပ်နားခဲ့ခြင်းဖြစ်သည်။“ဝန်ကြီးချုပ်ကို ပထမတုန်းကတော့ လျှပ်စစ်နဲ့ စွမ်းအင်ရေးရာကော်မတီမှာ သူက ဥက္ကဋ္ဌအဖြစ် လျာထားတယ်။ ဒါက လွှတ်တော်ဥက္ကဋ္ဌကပေါ့။ ဒါပေမဲ့ ဝန်ကြီးချုပ်ကနေပြီးတော့ သူဘယ်ရေးရာကော်မတီမှာမှ သူ မလုပ်နိုင်လို့ လုပ်ခွင့်မပေးဖို့ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌဆီကို တင်ပြလာတယ်။ နောက်ပိုင်းမှာလည်း ဗဟိုရဲ့ညွှန်ကြားမှုနဲ့ ကော်မတီတွေကို ပြန်လည်ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ဝန်ကြီးချုပ်ကလည်း ကျွန်တော်တို့ အထင်တော့ အသက်ကြီးလာတဲ့အတွက် ကျန်းမာရေးတွေပါ ငဲ့ပြီး ကော်မတီတွေမှာ တာဝန်မထမ်းဆောင်ချင်တော့တာလို့ ထင်တယ်”ဟု NLD ပါတီမှ နတ္တလင်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောကြားသည်။ဦးဉာဏ်ဝင်းမှာ လက်ရှိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှ ဝင်ရောက် ရွေးကောက်ခံရာတွင်လည်း အနိုင်ရရှိခဲ့သည့်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရသူ ဖြစ်သည်။
တိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီတွင် တာဝန်ထမ်းဆောင်မည် မဟုတ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အကြောင်းပြန်ထားဟုဆို















