ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းပေးရေး အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့များအား တိုက်တွန်းကြောင်း အရေးကြီးအဆို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကန့်ကွက်သူမရှိ အတည်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းပေးရေး အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့များအား တိုက်တွန်းကြောင်း အရေးကြီးအဆို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကန့်ကွက်သူမရှိ အတည်ပြု
Published 17 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ် ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းပေးရေး နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆိုနှင့် ပတ်သက်၍ ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းမှုများ အပြီးတွင် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။ရှမ်းပြည်နယ် ကျောက်မဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် “ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ် ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်း” အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။အဆိုပါ အရေးကြီးအဆိုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က “ယခု ဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ရှမ်းပြည်နယ် ဒေသအတွင်း သွားလာနေထိုင်ကြခြင်းဖြင့် နားလည်မှု လွဲမှားကာ တိုက်ပွဲများ ဖန်တီး ဖြစ်ပွားခဲ့တယ်လို့ ထင်မြင် ယူဆမိပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှာ အချင်းချင်း တပ်များ ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းပြီးတော့မှ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်များ၊ ဆေးရုံ ဆေးခန်းများ၊ လူထုနဲ့ ပတ်သက်တဲ့ နေရာများမှာ စစ်ရေးဆိုင်ရာ တပ်စခန်းများ ချမှတ် မပြုရန်လည်း ပါရှိပြီး ဖြစ်ပါတယ်။ ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အချို့နဲ့ လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ မိမိတို့ နယ်မြေအတွင်း အချင်းချင်း နားလည်မှု လွဲမှားပြီး လူမျိုးရေး ရှေ့တန်းတင်မှုဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားတဲ့အတွက် တည်ငြိမ်အေးချမ်းနေတဲ့ ကျွန်တော်တို့ ရှမ်းပြည်နယ် ဒေသအချို့မှာ ပူလောင်ပြင်းပြတဲ့ သေနတ်သံ၊ ယမ်းသံတို့နဲ့ ဖုံးလွှမ်းပြီးတော့မှ ပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေကြရပြီး ဖြစ်ပါတယ်” ဟု ဆွေးနွေး ပြောကြားသည်။တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိဒေသအကျိုး တက်ညီလက်ညီ အကောင်အထည်ဖော်နေရမည့်အစား လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြခြင်းသည် ပြည်သူများအတွက် အလုပ်အကိုင် ဆုံးရှုံးနေသည့်အပြင် ရပ်စွန့်ရွာစွန့် ဘဝဖြင့် ဆင်းရဲဒုက္ခ ရောက်နေရခြင်းမှာ မည်သူ့ကို အပြစ်တင်ရမည်နည်းဟု ဦးစိုင်းထွန်းစိန်က ဆွေးနွေးသည်။ဆက်လက်ပြီး နမ့်ဆန် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထူးက ဇန်နဝါရီ ၂၃ ရက်က နမ့်ဆန်မြို့ အတွင်း၌ လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် အစိုးရ တပ်မတော်ကြားတွင် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အိမ်တစ်လုံး လက်နက်ကြီးထိကာ လူလေးဦး ဒဏ်ရာရရှိခဲ့မှုများ ရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်တွင်လည်း NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့တစ်ခုနှင့် လက်နက်ကိုင်အဖွဲ့ တစ်ခုကြား နမ့်ဆန့်မြို့နယ် ပန်ကလေးကျေးရွာ အတွင်းတွင် ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ရွာသားအချို့ ကျောက်မဲမြို့တွင် စစ်ဘေးရှောင်ခဲ့ရကြောင်း ဆွေးနွေး ပြောကြားသည်။“ထာဝရ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် ဆိုတာက လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်တဲ့ အဖွဲ့တွေ၊ သက်ဆိုင်ရာ ပါဝင်သင့်တဲ့ လူတွေအားလုံး ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အသစ် ထပ်မံပေါ်ထွက်လာမယ့် အစိုးရကနေပြီးတော့မှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်တယ်” ဟု ဦးဝင်းထူးက ဆွေးနွေးပြောကြားသည်။အရေးကြီး အဆိုနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မောင်မောင်ဦးက “TNLA အဖွဲ့ အနေဖြင့် အဓမ္မ လူသစ်စုဆောင်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ဆက်စပ်နယ်မြေများကို နယ်မြေ ချဲ့ထွင်လာခြင်း၊ RCSS/SSA အနေဖြင့် ၂၀၁၂ ခုနှစ် မေလတွင် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ပါ သတ်မှတ်ထားတဲ့ နယ်မြေကို ကျော်လွန် လှုပ်ရှားလာခဲ့ခြင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ချုပ်ဆိုသော NCA စာချုပ်ပါ သဘောတူညီချက်ကို ချိုးဖောက်ခြင်း၊ နှစ်ဖက် လေးစားလိုက်နာရသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနဲ့ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များ Military code of conduct (COC) ကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ ပြည်သူများ ဒုက္ခ ခံစားကြုံတွေ့ရခြင်း ဖြစ်ပါတယ်” ဟု ဆွေးနွေးပြောကြားသည်။ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ် ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆိုနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် စုစုပေါင်း ၁၂ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းမှုများ အပြီးတွင် ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

Most Read

Most Recent