၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာငါးဘီလျံကျော် ရှိလာပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှု လိုငွေထက် များနေ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာငါးဘီလျံကျော် ရှိလာပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှု လိုငွေထက် များနေ
Published 17 February 2016
မင်းသီဟဇော်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ငါးဘီလျံကျော် ရှိလာပြီး ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တစ်နှစ်လုံး၏ ကုန်သွယ်မှုလိုငွေထက် များပြားနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၃၄၆၄ ဒသမ ၇၀၉ သန်းရှိပြီး ယင်းပမာဏတွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၉၂၁၀ ဒသမ ၆၁၃ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၄၂၅၄ ဒသမ ၀၉၆ သန်း ပါဝင်ပြီး သွင်းကုန် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅၀၄၃ ဒသမ ၄၈၃ သန်း ဖြစ်ပေါ်နေကြောင်း သိရသည်။ယခင် ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ တွင် ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်း ရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် မကုန်မီ ကုန်သွယ်မှုလိုငွေပြမှု ပမာဏမှာ ယခင် ဘဏ္ဍာနှစ် တစ်နှစ်လုံး၏ ပမာဏထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။ကုန်သွယ်မှု ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပြည်ပမှ အကူအညီ ရယူူကာ Trade Related Project များကို ဆောင်ရွက်နေကြောင်း သိရသည်။အဆိုပါ လုပ်ငန်းစီမံချက်များမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအား ပေးအပ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီ ဖြစ်သည့် Enhanced Integrated Framework-EIF အစီအစဉ်၊ အမျိုးသား ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှု အစီအမံ ရေးဆွဲခြင်း (National Trade Facilitation Implementation Plan-NTFIP) စသည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။ပို့ကုန်ဖွံ့ဖြိုးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ပို့ကုန်ထွန်းကားလာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် တန်ဖိုးမြှင့် ပို့ကုန်ဥပဒေကို ရေးဆွဲနေကြောင်း၊ အလားတူ ပြည်တွင်းလုပ်ငန်းများအတွက် မျှတသည့် ကာကွယ်မှုများ ပေးနိုင်ရန် Anti Dumping Law နှင့် Safe-Guard Law များကို ရေးဆွဲနေကြောင်း သိရသည်။ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး ပြည်ပနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent