သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပုံအား ကွန်ပျူတာဖြင့် မဖွယ်မရာ ပြုလုပ်၍ Facebook ပေါ်တွင် ဖြန့်ဝေသော Kyat Pha Gyi Account ပိုင်ရှင်ဟုဆိုကာ ဖမ်းဆီး စစ်ဆေးနေသည့် ဦးလှဘုန်းအား မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားရုံးမှ ချုပ်ရက်ရမန်ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံခြား သင်္ဘောသား တစ်ဦးဖြစ်သူ ဦးလှဘုန်းကို Kyat Pha Gyi Account ပိုင်ရှင်ဖြစ်ကြောင်း တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်ကာ အဆိုပါ စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း မရမ်းကုန်း မြို့မရဲစခန်းမှ စုံစမ်းသိရသည်။“ဒီနေ့ ရုံးထုတ်တာက ကျန်ရှိနေတဲ့ ချုပ်ရက် ရမန်ယူတာပါ။ စစ်တာ မဟုတ်ဘူး။ စစ်ဆေးတဲ့ အဆင့်ကို မရောက်သေးပါဘူး။ သိမ်းဆည်းထားတဲ့ ကွန်ပျူတာကို ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ ရမန်ပြည့်သွားရင်တော့ တရားစွဲတင်မယ့်အပိုင်း ဖြစ်ပါတယ်” ဟု မရမ်းကုန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူးဇော်ထွန်းက ပြောကြားသည်။ဦးလှဘုန်းကို မရမ်းကုန်းမြို့မ ရဲစခန်းက (ပ) ၁၅၁/၂၀၁၆ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ကာ ရမန်ယူ ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းကဲ့သို့ Kyat Pha Gyi Account ပိုင်ရှင်ဟုဆိုကာ ဦးလှဘုန်းအား ဖမ်းဆီးစစ်ဆေးနေသော်လည်း Facebook ပေါ်၌ Kyat Pha Gyi Account မှာ Post အသစ်များ တင်နေဆဲဖြစ်ကြောင်း သိရသည်။မရမ်းကုန်းမြို့နယ် တရားရုံးတွင် အဆိုပါဖြစ်စဉ်နည်းတူ ၎င်းမြို့နယ်နေ ဦးဇော်မျိုးညွှန့် ဆိုသူကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံကို Facebook ပေါ်၌ မဖွယ်မရာပြုလုပ်ကာ တင်ခဲ့သည်ဟုဆိုကာ တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ရာ ဦးဇော်မျိုးညွှန့်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။
သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ပုံအား ကွန်ပျူတာဖြင့် မဖွယ်မရာ ပြုလုပ်၍ Facebook ပေါ်တင်သည့် Kyat Pha Gyi Account ပိုင်ရှင်ဆိုပြီး ဖမ်းဆီး စစ်ဆေးနေသည့် ဦးလှဘုန်းအား မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေး