၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာအထိ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရရှိထားပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ငါးဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။ကိုးလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် (ဒေါ်လာ ၃၃၆၄ သန်းကျော်) သာ တင်ပို့ထားနိုင်ပြီး တရုတ်ဘက်မှ ဒေါ်လာ ငါးဘီလျံကျော် (ဒေါ်လာ ၅၀၉၇ သန်းကျော်) တင်သွင်းထားခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များကို အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ၁၀ လတာ ကာလအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်များ ဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း နှင့် နှမ်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၃၅ သန်းကျော် ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နှင့် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ ၂၀၁၆ခုနှစ် ဇန်နဝါရီလအတွင်းက အမေရိကန်ဒေါ်လာ၂၈ ဒသမ ၉၃၉ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၇၈၈၉၃ တန် တင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း ဒီဇင်ဘာလ အတွင်း တင်ပို့မှုထက် လျော့နည်းခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် တရားဝင် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုရှိပြီး မြန်မာ- တရုတ် နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုပြုလုပ်နေခြင်း ဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်ကုန်သွယ်မှုတွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၄၆၉၂ သန်းကျော် ရရှိပြီး သွင်း ကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၅၀၁၉ သန်းကျော် ရရှိခဲ့ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပို့ကုန်မှ အမေရိကန် ဒေါ်လာ ၂၉၁၃ သန်းကျော်ရှိပြီး သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၄၁၁၉ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ရှစ်ဘီလျံကျော် ရရှိထားပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ငါးဘီလျံကျော် တင်သွင်းထား










