လယ်ယာကဏ္ဍအတွက် လက်ရှိ အစိုးရ၏ ထုတ်ပြန်ချက် အချို့မှာ လယ်ယာကဏ္ဍအပေါ် ပြည်တွင်း ပိတ်ဆို့မှု လုပ်ထားသလို ဖြစ်နေပြီး လာမည့် အစိုးရသစ် လက်ထက်တွင် လက်ရှိ ချုပ်နှောင်ထားသည့် ဆန့်ကျင်ဘက် ဥပဒေများကို ကနဦး ပြင်ဆင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများက ပြောကြားသည်။ “လောလောဆယ် ပြောရမယ်ဆိုရင် ကျွန်တော်တို့က မူဝါဒ အပိုင်းကို ပြန်ပြောရမယ်ပေါ့။ ကျွန်တော်တို့ဆီမှာ ဆန်စပါး မူဝါဒဆိုတာ မရှိဘူး။ နောက်ပြီးတော့ အကျိုးတူ လယ်ယာစနစ် ခေါ်တာပေါ့။ Contract Farming နဲ့ ပတ်သက်ပြီး မူဝါဒ ဥပဒေ မရှိသေးဘူး။ နောက်ပြီးတော့ တချို့ဥပဒေတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ ဥပမာပေါ့။ လယ်ယာမြေ ဥပဒေနဲ့ ငါးလုပ်ငန်းမှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ ငါးမွေးမြူရေးလုပ်ငန်း လုပ်သူက ငါးကန်တူးရင် လယ်ထဲမှာပဲ တူးရတယ်။ ဒါပေမဲ့ လယ်ယာမြေ ဥပဒေအရ တူးခွင့် မရှိဘူး။ တူးရင် အရေးယူရမယ်။ သစ်တောဥပဒေမှာ ဆိုရင်လည်း သူ့ရဲ့ သစ်တောဧရိယာ အတွင်းမှာ တခြားဟာ လုပ်လို့မရဘူး။ သစ်တောနယ်မြေကနေ လယ်ယာမြေပြောင်းလို့ မရဘူး။ စိုက်နေတဲ့ သူတွေကပဲ ထောင်ကျမလို ဖြစ်နေတယ်။ ဒီလို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုမရှိ ဖြစ်နေတဲ့အပေါ် မူတည်ပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက အမြတ်ထုတ်နေတာပေါ့။ သူတို့ ဖမ်းချင်တဲ့ သူကျတော့ ဖမ်းတယ်။ မဖမ်းချင်တဲ့ သူတွေကျတော့ လွှတ်ပေးထားတယ်။ ဒီဥပဒေတွေက တစ်ခုနဲ့ တစ်ခု Conflict ဖြစ်နေတယ်လို့ မြင်တယ်။ ဒီလို ပေါင်းစပ်ညှိနှိုင်းလို့ မရတဲ့ ဥပဒေတွေကြောင့် လူပေါ် မူတည်ပြီး ဘက်လိုက်မှုတွေ ဖြစ်လာတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့လည်း တချို့နေရာတွေမှာ လယ်သမားတွေ ထောင်ကျနေတယ်။ ကျွန်တော်တို့က လူပေါ် မူတည်ပြီး သွားနေသလို ဖြစ်နေတာတွေကြောင့် ဒီလို ဥပဒေတွေကို ပြန်ပြင်ဖို့နဲ့ ဥပဒေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မိဖို့ ဌာနဆိုင်ရာတွေ ပေါင်းစပ် ညှိနှိုင်းဖို့ လိုပါတယ်။ နောက်တစ်ခုပေါ့။ ကျွန်တော်တို့မှာ ပြည်တွင်း Sanction ရှိနေတယ်။ အဲဒါကို ပြောရင်လည်း စိတ်ဆိုးကြတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့က အမေရိကန် Sanction ကို သိပ်မကြောက်ဘူး။ ပြည်တွင်းမှာ ကျွန်တော်တို့ကို Sanction လုပ်ထားတာက အစိုးရရဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ၊ လက်ရှိ အစိုးရ ထုတ်ထားတဲ့ တချို့ဟာတွေက ကျွန်တော်တို့ကို Sanction လုပ် ထားသလို ဖြစ်နေတယ်။ ဒါတွေကို ကျွန်တော်တို့ကို ပြင်ပေးဖို့ လိုတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် အသစ်ပေါ်ထွက်လာမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တောင်သူလယ်သမားများ၏ ဘဝနှင့် လယ်ယာကဏ္ဍကို မြှင့်တင်နိုင်မည့် လုပ်ငန်းစဉ်များအဖြစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ထည့်သွင်းဖော်ပြထားသည်။နိုင်ငံ၏ လူဦးရေ အများစု နေထိုင်ရာ ကျေးလက်ဒေသတွင် လူနေမှုဘ၀ မြင့်မားလာရေးနှင့် ဆင်းရဲမှု လျှော့ချရန် အထူး လိုအပ်နေပြီး လွတ်လပ်စွာ စိုက်ပျိုးမှုကို ကန့်သတ်ခြင်း၊ လယ်ယာမြေပိုင်ဆိုင်မှု လုံခြုံမှု မရှိခြင်းတို့သည် တောင်သူလယ်သမားတို့၏ အကျိုးကိုများစွာ ထိခိုက်စေသဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ လွတ်လပ်လုံခြုံမှု ရှိရန်၊ လွတ်လပ်သည့် တောင်သူလယ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်ရန်၊ တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ ကြိတ်ခွဲ ရောင်းချခွင့် ရှိရန်၊ တောင်သူလယ်သမားများ လယ်ယာမြေကို ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းခွင့်ရှိရန်၊ တောင်သူလယ်သမားများ၏ ဥပဒေမဲ့ ဆုံးရှုံးခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးများ ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။ထို့ပြင် ဥပဒေများနှင့် ညီညွတ်မှု မရှိသော လယ်ယာမြေ သိမ်းဆည်းမှုများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးမည်ဖြစ်ကာ ခေတ်ကာလနှင့် လျော်ညီမှု မရှိသည့် လယ်ယာမြေ ဥပဒေများ ပြင်ဆင် ပြဋ္ဌာန်း၍ လယ်ယာကဏ္ဍတွင် အမြင်သစ်၊ အတွေးသစ်များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။“လောလောဆယ် အစိုးရသစ် တက်လာရင် ဘာလုပ်ဖို့လိုလည်း ဆိုတော့ ချုပ်ထားတဲ့ ဟာတွေကို လွှတ်ပေးဖို့ လိုတယ်။ မကူညီချင်နေပါ။ မနှောင့်ယှက်ပါနဲ့။ စကားလုံး ရှိတယ်။ အဲဒီ စကားလုံးအတိုင်း ကျင့်သုံးရင်ကိုပဲ လောလောဆယ် အဆင်ပြေတယ်လို့ မြင်တယ်” ဟု ဒေါက်တာစိုးထွန်းက ဆက်လက် ပြောကြားသည်။ထို့ပြင် လယ်ယာကဏ္ဍအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည့်နည်းတူ ပြည်ပကဏ္ဍတွင်လည်း တရားဥပဒေ စိုးမိုးမှု ရရှိရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် ဥပမာအားဖြင့် မြန်မာ့ဆန်အား တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင် တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်တွင် တရားမဝင် အခြေအနေ ဖြစ်နေကြောင်းနှင့် အဆိုပါ အခြေအနေများအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဖြစ်ကာ လာမည့် အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။ ထို့ပြင် လယ်ယာကဏ္ဍ အပါအဝင် စိုက်ပျိုးရေး ကဏ္ဍသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းပါးသည့်အပြင် ပြည်တွင်းမှလည်း ထောက်ပံ့မှု နည်းပါးနေကာ လယ်ယာကဏ္ဍအပေါ် ငွေကြေးပံ့ပိုးမှုများကိုလည်း ကန့်သတ်ထားသည့် အခြေအနေ ဖြစ်ပေါ်နေသည်။“ငွေကြေးကူညီမှုနဲ့ ပတ်သက်ပြီး စစ်တမ်းတွေ ရှိတယ်။ ရာခိုင်နှုန်း ၇၀ သော ပြည်သူတွေက လယ်ယာလုပ်ငန်းနဲ့ နှီးနွှယ် လုပ်ကိုင်နေတယ်။ ဒါပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြန်ကြည့်ရင် လယ်ယာမြေလုပ်ငန်းက စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ သုည ဒသမ ငါးရာခိုင်နှုန်းပဲ ရှိတယ်။ အဲဒီမှာ ပုဂ္ဂလိကဘဏ်တွေက ဘာပေးလဲဆိုတော့ ပုဂ္ဂလိက ဘဏ်တွေကလည်း ဘာမှမပေးဘူး။ နိုင်ငံခြားဘဏ်တွေ ကျတော့လည်း လုပ်ခွင့် ပြုမထားဘူး။ လယ်ယာ စိုက်ပျိုးသူတွေက အရင်းအနှီး လိုတယ်။ ပေးချင်တဲ့ သူကလည်း ပေးချင်တယ်။ ဒါပေမဲ့ ခွင့်ပြုမထားဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြိုးချည်ထားသလို ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လက်ရှိ အစိုးရ၏ ထုတ်ပြန်ချက် အချို့မှာ လယ်ယာကဏ္ဍအပေါ် ပြည်တွင်း ပိတ်ဆို့မှု လုပ်ထားသလို ဖြစ်နေပြီး လာမည့် အစိုးရသစ် လက်ထက်တွင် လက်ရှိ ချုပ်နှောင်ထားသည့် ဆန့်ကျင်ဘက် ဥပဒေများကို ကနဦး ပြင်ဆင်ပေးရန် လိုအပ်ဟု ဆို










