ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ကန်ထရိုက်တိုက်ခန်းများ ကြိုပွိုင့်ဖြင့်ရောင်းချမှု များပြားလာလျက်ရှိပြီး ဈေးနှုန်းမြင့်မားမှုကြောင့် ဝယ်ယူသူနည်းပါး လျက်ရှိကြောင်း ရန်ကုန်အိမ်ခြံမြေဝယ်၊ ရောင်းဈေးကွက်နှင့် ရန်ကုန်ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းများမှာ သိရသည်။
ရန်ကုန်မြို့နယ် အတွင်းရှိ သာကေတ၊ ဒေါပုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ လှိုင်၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာပ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း အစရှိသည့် မြို့နယ်များတွင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချလျက်ရှိသည့် တိုက်ခန်းများ ပိုမိုတွေ့ရှိလာလျက် ရှိကြောင်းကို အိမ်ခြံမြေဈေးကွက် အတွင်းမှ သိရသည်။
"ဒီတစ်နှစ်၊ နှစ်နှစ်လောက် အတွင်းမှာ ကန်ထရိုက်တိုက်တွေ ဆောက်တာ အရမ်းများလာတယ်။ ၂၀၁၅ နောက်ပိုင်းတွေက စပြီးတော့ ကြိုပွိုင့်ရောင်းတာ ပိုများလာတယ်။ အရင်တုန်းကဆို ကြိုပွိုင့်တိုက်ခန်းတွေ သိပ်မရှိဘူး။ အိမ်ဝယ်တဲ့သူတွေ အနေနဲ့က ကန်ထရိုက်တိုက်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ ဒီတိုက်တွေက ဈေးနှုန်းမြင့်နေတာနဲ့ အရည်အသွေး မပြည့်မီတာတို့၊ ဈေးကွက်ခိုင်မာမှု သိပ်မရှိတာတွေကြောင့် ဝယ်ယူသူနည်းတယ်။ အရင်တိုက်ခန်းဟောင်း တွေကိုပဲ ဝယ်ဖို့ပို စိတ်ဝင်စားတာတို့၊ ဝယ်ဖို့စုံစမ်းတာတို့သာ များတယ်" ဟု ရန်ကုန်အတွင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသူ ကိုဇင်မင်းက ဆိုသည်။
အဆိုပါ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချလျက်ရှိသော တိုက်ခန်းဈေးနှုန်းများ အနေဖြင့် အနိမ့်ဆုံး ကျပ်သိန်း ၃၀၀ မှ သိန်းထောင်ကျော်ဝန်းကျင် တန်ဖိုးရှိ တိုက်ခန်းများဖြစ်ကြောင်း ရန်ကုန်မြို့ အတွင်းရှိ ကြိုပွိုင့်ဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။
ဒါ့ပြင် ကြိုပွိုင့်တိုက်ခန်း ဝယ်ယူထားသူ တစ်ဦးကလည်း "ကျွန်မက ကျောက်တံတားမြို့နယ်မှာ ၂၀၁၄ ခုနှစ်လောက်တုန်း ကြိုပွိုင့်နဲ့ တိုက်ခန်းဝယ်လိုက်တယ်။ ဝယ်တုန်းက သိန်း ၆၀၀ နဲ့ ဒါပေမဲ့ တိုက်တစ်ဝက်လောက် ဆောက်ပြီးတော့ ကျွန်မ သွင်းထားတဲ့ ငွေကို ပြန်းအမ်းတယ်။ ဆောက်လည်းဆောက်ပြီး သိန်းတစ်ထောင်ကျော်နဲ့ ပြန်ရောင်းတယ်လို့ ကြားတယ်။ ကြိုပွိုင့်တွေက သိပ်ပြီးမယုံကြည်ရဘူး။ နောက်ပြီး ကန်ထရိုက်တွေကလည်း အမျိုးမျိုးပဲ။ အဲဒါကြောင့် ကြိုပွိုင့်တိုက်ခန်းတွေ များလာပေမယ့် ဝယ်ဖို့စိတ်မဝင် စားတော့ဘူး" ဟု ကြိုပွိုင့်တိုက်ခန်း ဝယ်ယူခြင်းနှင့် ပက်သတ်၍ ပြောကြားခဲ့သည်။
ဒါ့အပြင် ကန်ထရိုက်များ ဆောက်လုပ်သည့် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချလျက်ရှိသည့် တိုက်ခန်းများ အနေဖြင့် နေထိုင်ခွင့် အမိန့်ကျ ဆောက်လုပ်ပြီး တိုက်ခန်းများလောက် ဈေးကွက်အခိုင်အမာ ရပ်တည်နိုင်မှု မရှိခြင်း၊ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဖြစ်နေခြင်း (without) များကြောင့် တချို့ဝယ်ယူထားပြီးမှ ပြန်လည်ဖျက်သိမ်း ရခြင်းတို့ကြောင့် ငွေကြေးနစ်နာ ဆုံးရှုံးမှုများရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုမိန့်ဖြင့် တည်ဆောက်သော ကန်ထရိုက်တိုက်များ အနေဖြင့် တစ်လလျှင် အလုံး ၆၀၀ ခန့် ဆောက်လုပ်ခွင့် ပြုထားပြီး ၂၀၁၅ ခုနှစ်အတွင်း အဆောက်အအုံပေါင်း ၆၈၀၀ ကျော် ဆောက်လုပ်ခွင့် ပြုထားကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သိရသည်။
အိမ်ခြံမြေဈေးကွက်၌ ထိုသို့ကြိုပွိုင့် တိုက်ခန်းများ အမြောက်အမြား ဆောက်လုပ်လာခြင်းတို့ကြောင့် တိုက်ခန်းများ ဝယ်ယူမှု များလာလျက်ရှိသော်လည်း ကြိုပွိုင့်တိုက်ခန်းများ အနေဖြင့် ဝယ်ယူရန် စိတ်ဝင်စားမှု နည်းပါးလျက်ရှိကြောင်း အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရသည်။
ကြိုပွိုင့်တိုက်ခန်းများ ဝယ်ယူမှု နည်းပါးလျက် ရှိသော်လည်း တိုက်ခန်းအရောင်းအဝယ် ဖြစ်ပေါ်မှုများမှာ ယခင်နှစ်များထက် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ မြင့်တက်လာလျက် ရှိကြောင်းကို အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ကန်ထရိုက်တိုက်ခန်းများ ကြိုပွိုင့်ဖြင့် ရောင်းချမှု များလျက်ရှိပြီး ဈေးနှုန်းမြင့်မားမှုကြောင့် ဝယ်ယူသူနည်းပါး










