စံချိန်တင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု ဖြစ်စဉ်မှ ဖမ်းမိထားသည့် ကျူးလွန်သူများအား အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ပြီး တရားခံပြေးများနှင့် ပတ်သက်၍ ထွက်ဆိုထားသော ရဲအရာရှိ သုံးဦးကို စစ်ဆေး

စံချိန်တင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု ဖြစ်စဉ်မှ ဖမ်းမိထားသည့် ကျူးလွန်သူများအား အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ပြီး တရားခံပြေးများနှင့် ပတ်သက်၍ ထွက်ဆိုထားသော ရဲအရာရှိ သုံးဦးကို စစ်ဆေး
Published 10 February 2016
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အတွင်းရှိ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ်တို့မှ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှ ကျူးလွန်သူများကို ဖေဖော်ဝါရီ ၁၀ ရက်က အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းနေ့ ရုံးချိန်းတွင် ဖြစ်စဉ်မှ ဖမ်းမိသည့် ကျူးလွန်သူများအား အမှုနှင့် ပတ်သက်၍ မစစ်ဆေးဖြစ်သေးဘဲ ထွက်ပြေးလွတ်မြောက်နေသူ ၂၄ ဦးအနက် လားရှိုးမြို့နေ တစ်ဦး၊ စမ်းချောင်းမြို့နယ်နေ တစ်ဦးနှင့် ဒဂုံဆိပ်ကမ်းမြို့နေ တစ်ဦး စုစုပေါင်း သုံးဦးမှာ တရားခံပြေး အတည်ဖြစ်ကြောင်း ထွက်ဆိုထားသည့် သက်ဆိုင်ရာ ရဲစခန်းများမှ ရဲအရာရှိ သုံးဦးကို စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဖေဖော်ဝါရီ ၂၄ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။“အမှုနဲ့ ပတ်သက်ပြီးတော့ တရားခံပြေး ကြေညာထားသူထဲကမှ သုံးဦးက တရားခံပြေး အတည်ဖြစ်ကြောင်းကို လားရှိုးရယ်၊ ဒဂုံဆိပ်ကမ်းရယ်၊ စမ်းချောင်းရဲစခန်းက ရဲဝန်ထမ်းတွေက တရားရုံးမှာ ထွက်ဆိုထားတယ်။ အဲဒီ ရဲသုံးဦးရဲ့ ထွက်ဆိုချက်ကို တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။၂၄ ရက်ကို ရုံးပြန် ချိန်းလိုက်တယ်” ဟု မှုခင်းတပ်ဖွဲ့ (CID) မှ အမှုစစ် ရဲအရာရှိ တစ်ဦးက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားသည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က အရှေ့ပိုင်းခရိုင် အတွင်းရှိ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် ဖြစ်စဉ်နှစ်ခုတို့မှ စံချိန်တင် စိတ်ကြွဆေးပြား အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူများဖြစ်သည့် ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ရန်လုံရှင်း(ခေါ်)ချိုချိုဝင်း၊ မဝင်းငြိမ်းခိုင်၊ ထွန်းဇော်ဌေး၊ ထွန်းမင်း၊ အောင်တင်ဝင်း၊ သိန်းထွန်းအေးတို့ ၁၁ ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၄ ဦးတို့အား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရန် လက်ဝယ်ထားရှိမှု ပုဒ်မ ၂၀(က)/၂၁ ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုထားသည်။ယင်းအမှု ဖြစ်စဉ်များမှာ ၂၀၁၅ ခုနှစ် သြဂုတ်တွင် မြောက်ဒဂုံမြို့နယ်၌ ဖြစ်ပွားခဲ့ပြီး စိတ်ကြွဆေးပြား ၁၅ သိန်းခန့် ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းတက္ကသိုလ်ရိပ်မွန် အိမ်ရာအတွင်း နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြား နှစ်သန်း ဖမ်းဆီးရမိမှုနှင့် စက်တင်ဘာ ၂၆ ရက်တွင်လည်း ယင်းအိမ်ရာ၌ ကျပ် ၁၉ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီးရမိမှု ဖြစ်စဉ်များဖြစ်ကြောင်း မှုခင်းတပ်ဖွဲ့ (CID) မှ သိရသည်။အလားတူ မြောက်ပိုင်းခရိုင်အတွင်း မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂၆၇ သိန်းအား စံချိန်တင် ဖမ်းဆီးရမိမှု ဖြစ်စဉ်မှ ရေလုပ်ငန်းလုပ်ကိုင်သော KALADAN DELTA DEVELOPMENT ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ မင်းဦးခိုင် အပါအဝင် ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ရန်လုံရှင်း (ခေါ်) ချိုချိုဝင်း၊ မဝင်းငြိမ်းခိုင်နှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၀ ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရန် လက်ဝယ်ထားရှိမှု ပုဒ်မ ၂၀(က)/၂၁ ဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် တရားစွဲထားကြောင်း သိရသည်။အဆိုပါ စံချိန်တင် စိတ်ကြွဆေးပြားများ တွေ့ရှိမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် အတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သော KALADAN DELTA DEVELOPMENT ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ Arakan Bay ဆောက်လုပ်ရေး ကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူအချို့ ပါဝင်လျက် ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့ထံမှ သိရသည်။

Most Read

Most Recent