၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ် နတ်မတောင်သို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုနှင့် နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ယခင်နှစ်ထက် ပိုမို မြင့်တက်လာဟု ဆို

၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ် နတ်မတောင်သို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုနှင့် နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ယခင်နှစ်ထက် ပိုမို မြင့်တက်လာဟု ဆို
Published 8 February 2016
မြတ်စုနိုင် အေးမို့မို့အောင်သူ

ချင်းပြည်နယ်ရှိ နတ်မတောင်သို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုနှင့် နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ယခင်နှစ်ထက် ပိုမို မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ချင်းပြည်နယ်ရုံးခွဲ) မှ သိရသည်။“ချင်းပြည်နယ်ကို နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုက ၂၀၁၅ ခုနှစ်မှာ အရင်နှစ်ကထက် ပိုပြီး ဝင်ရောက်မှု များလာပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေက ချင်းပြည်နယ်ကို လာရင် နတ်မတောင်နဲ့ ရိဒ်ရေကန်ကို မသွားမဖြစ် သွားကြတာပါ။ ပြီးမှ ကျန်တဲ့ ဒေသတွေကို သွားကြတာ။ ဧည့်သည် ဝင်ရောက်မှု များလာတာနဲ့အမျှ နိုင်ငံခြားဝင်ငွေကလည်း တိုးလာမှာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ချင်းပြည်နယ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟုန်းလင်းက ပြောကြားသည်။၂၀၁၄ ခုနှစ်တွင် ချင်းပြည်နယ်သို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၂၅၆ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ်သို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၉၉၇ ဦး ဝင်ရောက်ခဲ့ပြီး ပြည်တွင်း ခရီးသွားဦးရေ ၇၄၃၂ ဦးလည်း လာရောက်ခဲ့ကြကြောင်း သိရသည်။ထို့ပြင် ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာသည်နှင့်အမျှ နိုင်ငံခြားဝင်ငွေ ရရှိမှုမှာလည်း ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၇၂၈၈၀၀၀ နှင့် မြန်မာငွေကျပ် ၃၇၁၆၀၀၀၀ ရရှိခဲ့သောကြောင့် ယခင်နှစ်ကထက် ပိုမိုရရှိထားကြောင်း ယင်းမှ ဆက်လက် ပြောကြားခဲ့သည်။လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၌ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တရားဝင်လိုင်စင် ချထားပေးသည့် လိုင်စင်ရဟိုတယ် သုံးလုံးနှင့် ဆောက်လုပ်ခွင့်လိုင်စင် တင်ထားသည့် ဟိုတယ်နှစ်လုံးရှိကာ မင်းတပ်မြို့တွင် လိုင်စင်ရဟိုတယ် တစ်လုံးရှိကြောင်း သိရသည်။ယင်းနောက် ချင်းပြည်နယ် (မြောက်ပိုင်း) တွင် ကမ္ဘာလှည့် ခရီးသွားများ တည်းခိုနိုင်မှု အဆင်ပြေစေရန် ကလေးမြို့၌ ဟိုတယ်ငါးလုံး၊ မိုတယ်တစ်လုံးနှင့် အခန်းပေါင်း ၁၆၈ ခန်းကို ဖွင့်လှစ်ပေးထားပြီး လျှောက်ထားဆဲ ဟိုတယ်လိုင်စင် နှစ်ခု ရှိထားကြောင်းလည်း သိရသည်။ချင်းပြည်နယ် (တောင်ပိုင်း) ရှိ နတ်မတောင် အမျိုးသားဥယျာဉ်သည်လည်း အာဆီယံ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်သောကြောင့် အဆိုပါဒေသသို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များနှင့် ပြည်တွင်းခရီးသွား ဧည့်သည်များပါ လာရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်များထက် ပိုမိုမြင့်တက်လာကြောင်းလည်း သိရသည်။ထို့ပြင် ချင်းပြည်နယ်သို့ တရားဝင် လည်ပတ်ခွင့် ပြုပြီးနောက် ကန်ပက်လက်မြို့၊ နတ်မတောင်၊ ချင်းတောင်ပေါ်ရှိ ရှာလ်လုမ်းခံတပ်၊ ကနေဒီတောင်၊ တီးတိမ်လွင်ပြင်ဒေသနှင့် ရိဒ်ရေကန်များသို့ ကမ္ဘာလှည့် ခရီးသွားများ အများဆုံး သွားရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။ချင်းပြည်နယ်၌ သဘာ၀ အခြေခံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ်၏ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှင့် နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ယခင်နှစ်များထက် စံချိန်တင်နိုင်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent