ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရန် ရှိသဖြင့် သီလဝါ အစုရှယ်ယာ မှတ်ပုံတင် စာရင်းတွင် ရှယ်ယာလွှဲပြောင်းခြင်း ရပ်ဆိုင်း

ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရန် ရှိသဖြင့် သီလဝါ အစုရှယ်ယာ မှတ်ပုံတင် စာရင်းတွင် ရှယ်ယာလွှဲပြောင်းခြင်း ရပ်ဆိုင်း
Published 8 February 2016
သက်ထား

ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရန် ရှိသဖြင့် သီလဝါ အစုရှယ်ယာ မှတ်ပုံတင် စာရင်းတွင် ရှယ်ယာလွှဲပြောင်းခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း(စ်)ပတ်ဘလစ်လီမိတက်မှ သိရသည်။အဆိုပါ ကုမ္ပဏီသည် ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် မှတ်ပုံတင်နိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်လျက် ရှိသောကြောင့် အစုရှယ်ယာရှင် မှတ်ပုံတင် စာရင်းတွင် အစုရှယ်ယာ လွှဲပြောင်းခြင်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ မတ်လ ၉ရက်နေ့အထိ ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် အစုရှယ်ယာရှင်များ အနေဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ယခင် ကြေညာခဲ့သည့် နေ့ရက်များအစား အစုရှယ်ယာ လွှဲပြောင်းခြင်း ခေတ္တရပ်ဆိုင်းမည့် နေ့ရက်ကို ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှု ဌာနသည် မူလရှယ်ယာ ဝယ်ယူထားသူများမှ ရှယ်ယာ ပြန်လည် လွှဲပြောင်း ဝယ်ယူသူများထံသို့ အစုရှယ်ယာ လွှဲပြောင်းခြင်းကို ဝန်ဆောင်မှုပေးသည့် ဌာနဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီသည် ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချခွင့်ရသည့် ကုမ္ပဏီအဖြစ် စာရင်းဝင်သောကြောင့် ၂၀၁၆ ခုနှစ် မတ်လ ရန်ကုန် စတော့အိတ်ချိန်း စတင်လည်ပတ်သည့် အခါတွင် ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ခြင်းကို ယခု ဆောင်ရွက်နေသည့် ဝန်ဆောင်မှု ဌာနတွင် ဆောင်ရွက်တော့မည် မဟုတ်ဘဲ ရန်ကုန် စတော့အိတ်ချိန်းတွင်သာ ပြုလုပ်မည်ဖြစ်သည်။သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမိတက်သည် ၂၀၁၄ ခုနှစ် မတ်လအတွင်းက ဘဏ်များမှတစ်ဆင့် ရှယ်ယာတစ်စုလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် စတင်ရောင်းချခဲ့သည်။ယင်းနောက် သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ပွဲပြုလုပ်ပြီးနောက်ပိုင်းတွင် ရှယ်ယာတစ်စုလျှင် ကျပ် ၄၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ လက်ရှိတွင် ကျပ် ၉၀၀၀၀ ဝန်းကျင်အထိ ထပ်မံ မြင့်တက်လာခဲ့သည်။Myanmar Thilawa SEZ Holdings Public Limited (MTSH) ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် နိုင်ငံသား အများပိုင် ကုမ္ပဏီ ကိုးခုမှ ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံသား အများပိုင် ကုမ္ပဏီ ကိုးခုမှ ရှယ်ယာ ၄၅ ရာခိုင်နှုန်း၊ ၅၅ ရာခိုင်နှုန်းကို အများပြည်သူများအား ရောင်းချခဲ့ပြီး အစုရှယ်ယာဝင်ပေါင်း ၁၇၉၉၀ အား အစုရှယ်ယာတန်ဖိုး ၂၁ ဒသမ ၄၅ ဘီလျံကို ရောင်းချပေးခဲ့ကြောင်း သိရသည်။      

Most Read

Most Recent