ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၂၅ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ကျဆင်းနေပြီး ဗဟိုဘဏ် သတ်မှတ်ဈေးနှင့် ၃၅ ကျပ်ဝန်းကျင်ကွာဟ

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၂၅ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ကျဆင်းနေပြီး ဗဟိုဘဏ် သတ်မှတ်ဈေးနှင့် ၃၅ ကျပ်ဝန်းကျင်ကွာဟ
Published 8 February 2016
အောင်မြတ်ကို

ပြင်ပဈေးကွက် တစ်ဒေါ်လာလဲနှုန်း ၁၂၂၅ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ကျဆင်းနေပြီး ဗဟိုဘဏ် သတ်မှတ်ဈေးနှင့် ၃၅ ကျပ်ဝန်းကျင် ကွာဟနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ဖေဖော်ဝါရီ ၈ ရက် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ပထမပတ် နောက်ဆုံးရက်တွင် ဖြစ်ပေါ်ခဲ့သော ဈေးကွက်ပေါက်ဈေး ၁၂၅၇ ကျပ်ဝန်းကျင်အောက်သို့  ၃၂ ကျပ်ဝန်းကျင် ထပ်မံကျဆင်းခဲ့ပြီး တစ်ဒေါ်လာလျှင် ၁၂၂၅ ကျပ်ဝန်းကျင်သို့ ကျဆင်းခဲ့သည်။ထို့ပြင် ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ဒုတိယပတ်တွင် တစ်ဒေါ်လာလျှင် ၁၂၆၀ ကျပ်ဝန်းကျင် သတ်မှတ်ထားပြီး ဖေဖော်ဝါရီ ပထမပတ် နောက်ဆုံးရက် ကျပ် ၁၂၇၀ သတ်မှတ်ဈေးနှုန်းအောက်သို့ ၁၀ ကျပ် ထပ်မံလျော့ကျခဲ့သည်။ဖေဖော်ဝါရီ ၈ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၆၀  သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၂၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၂၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ဖေဖော်ဝါရီ ပထမပတ်အတွင်း ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာသတ်မှတ်နှုန်း တစ်ပတ်အတွင်း ၂၃ ကျပ် လျော့ကျခြင်းနှင့်အတူ ၃၄ ကျပ်ဝန်းကျင် လိုက်ပါကျဆင်းခဲ့ပြီး ဒေါ်လာလဲနှုန်း အကျဘက်သို့ ဆက်လက်ဦးတည်ခဲ့သည်။ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ ၈ ရက် နိုင်ငံခြားငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ကျပ် ၁၂၆၀ ဖြင့်ဒေါ်လာ ၂၀၀၀၀ ကိုရောင်းချခဲ့ပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၅၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၄၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ်ဇူလိုင် ၁၃ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့သည်။၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် သတ်မှတ်ဒေါ်လာလဲနှုန်းသည် ကျပ် ၁၂၆၀ ရှိနေသည်။

Most Read

Most Recent