ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူများကို ကူညီရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၃၀ ရက်က“ပြည်သူသို့ ပန်ကြားချက် မျှဝေခြင်း”အမည်ရှိ ပြန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ရာ မျှဝေခြင်း စီမံချက်ကို ကြီးကြပ်ဆောင်ရွက်ရန် မျှဝေခြင်း စီမံချက် ဗဟို အကောင်အထည် ဖော်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင်NLD ပါတီက ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ မျှဝေခြင်း စီမံချက် ဗဟိုအကောင်အထည်ဖော်ရေးအဖွဲ့ကို NLD နာယက ဦးတင်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါ်ဥမ္မာမြင့် (ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း)၊ ဦးသိန်းဦး၊ ဦးစိုးညွန့် (တော်ဝင်နှင်းဆီ)၊ ဒေါ်လဲ့လဲ့၊ ဦးအောင်ထိုက်၊ ဒေါ်စန်းနွဲ့၊ ဒေါ် မြင့်မြင့်စိန်၊ NLD ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးတို့ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ဦးကျော်သီဟက တာဝန် ယူသွားမည်ဖြစ်ကြောင်း သိရသည်။
NLD ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက “လောလောဆယ် အစည်းအဝေးတော့ မထိုင်ရသေးဘူး။ အခုမှ ဖွဲ့ထားတုန်းပဲရှိသေးတယ်။ လုပ်ငန်းဆောင်ရွက်မှုတွေက အန်တီ ညွှန်ကြားထားတဲ့အတိုင်းပါပဲ။ မြို့နယ်တွေ ရပ်ကျေးတွေနဲ့ ကျွန်တော်တို့ အလုပ်လုပ်မှာပေါ့။ အဓိက,ကတော့ ဒီအဖွဲ့က နည်းနည်းဦးဆောင်ပေးပြီး ကြီးကြပ်ပေးဖို့ပါပဲ”ဟု ပြောကြားသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ “ ပြည်သူသို့ပန်ကြားချက် မျှဝေခြင်း” အမည်ရှိ ပန်ကြားချက်တွင် မြန်မာတစ်နိုင်ငံလုံးမှ အထူးသဖြင့် ကျေးလက်တောရွာနှင့် မြို့ပေါ် ဆင်ခြေဖုံးရပ်ကွက်များ၌ ပညာသင်ကြားနေကြသော ဆင်းရဲချို့တဲ့သည့် ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သည့် ကျောင်းသုံးဗလာစာအုပ်များ၊ သင်ရိုးညွှန်းတမ်း စာအုပ်များ၊ ကျောင်းဝတ်စုံများကို ကူညီထောက်ပံ့ပေးရန်၊ ပြည်သူများက ဗလာစာအုပ်များ၊ သင်ရိုးညွှန်းတမ်း စာအုပ်များ (သူငယ်တန်းမှ ၁၀ တန်းအထိ) ကျောင်းဝတ်စုံများ (အသက် ငါးနှစ်မှ ၁၅ နှစ်အရွယ်အထိ) တို့ကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တတ်နိုင်သလောက် လှူဒါန်း ပေးစေလိုပါသည်ဟု ရေးသားဖော်ပြထားသည်။
မိမိလှူဒါန်းမည့် ကျောင်းသုံးဗလာစာအုပ်များကို ပုံးများဖြင့်လည်းကောင်း၊ သင်ရိုးညွှန်းတမ်းစာအုပ်များကို အတန်းလိုက် ခွဲခြား၍ ပုံးများတွင် ထည့်၍လည်းကောင်း၊ ကျောင်းဝတ်စုံများကို အသက်အရွယ်၊ ကျား/မ ခွဲခြားကာ အိတ်များထဲ သီးခြားထည့်၍ စာကပ်ပြီး လည်းကောင်း လှူဒါန်းကြစေလိုကြောင်း၊ သို့မှသာ လိုအပ်နေသော နေရာများသို့ အမြန်ဆုံး စီစဉ်ပေးပို့နိုင်မည် ဖြစ်ကြောင်း အဆိုပါ ပန်ကြားချက်တွင် ရေးသားထားသည်။
သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့များက “မျှဝေခြင်း စီမံချက်” ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ပန်ကြားချက်အတိုင်း ဆောင်ရွက်ရန်၊ လုပ်ငန်းများကို ညွှန်ကြားချက်များနှင့်အညီ အလှူခံခြင်း၊ ပြန်လည်မျှဝေခြင်းများ၊ စာရင်းဇယား တိကျစနစ်ကျစွာ ဆောင်ရွက်ရန်လည်း NLD က ညွှန်ကြားထားကြောင်း သိရသည်။
မြို့နယ်အဆင့်တွင် NLD အဖွဲ့ဝင်များက မိမိမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် မျှဝေခြင်း စီမံချက်ကို ပြည်သူလူထုအား အသိပေးခြင်းနှင့် ချို့တဲ့ကျောင်းသား ကျောင်းသူများ စာရင်းကို အသက်၊ ကျား/မ၊ နောင်နှစ်တွင် တက်မည့်အတန်း၊ နေရပ်လိပ်စာ စသဖြင့် အတိအကျ ကောက်ယူခြင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများသို့ ပန်ကြားချက် ထွက်သည့်နေ့မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာများမှ ချို့တဲ့ ကျောင်းသားကျောင်းသူများစာရင်းကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အတွင်း မြို့နယ်ရုံးများသို့လည်းကောင်း ထိုမှတစ်ဆင့် ပြည်နယ်နှင့်တိုင်း အဖွဲ့ချုပ်ဥက္ကဋ္ဌများထံသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
စာရင်းကောက်ယူခြင်း ပြုလုပ်ရာတွင် စာသင်ကျောင်းများ၏ ကျောင်းချိန်အတွင်း လုံးဝမပြုလုပ်ရန်နှင့် ကျောင်းပရိဝုဏ်များအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကောက်ခံခြင်း မပြုလုပ်ရန်လည်း သတိပေး ထားသည်။
မြို့နယ် NLD မှ ရရှိသော လှူဒါန်းပစ္စည်းများကို မိမိမြို့နယ်၏ ရပ်ကွက်ကျေးရွာများရှိ ချို့တဲ့ကျောင်းသူ ကျောင်းသားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံဝေငှခြင်းကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၃၁ ရက်အတွင်း ဆောင်ရွက်ရန်လည်း NLD က ညွှန်ကြားထားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်တွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် အခြားပြည်နယ်နှင့်တိုင်းရှိ မြို့တော်ကြီးများတွင် စေတနာရှင်များက လှူဒါန်းပစ္စည်းများကို လက်ခံသည့်အပြင် မိမိမြို့နယ်များရှိ ဈေးကြီးများ၊ ကုန်တိုက်ကြီးများရှိ ကျောင်းဝတ်စုံရောင်းချသည့် ဆိုင်များ၊ စာအုပ်အရောင်းဆိုင်များသို့ အဖွဲ့များဖွဲ့ကာ လူကိုယ်တိုင် ကွင်းဆင်းသွားရောက်၍ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို အလှူခံကြရန်၊ လက်ခံရရှိသော လှူဒါန်းပစ္စည်းများကို ပိုမိုလိုအပ်သော မြို့နယ်များသို့ ခွဲဝေပေးနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD က ရွေးချယ်ခံခဲ့ရခြင်း မရှိခဲ့သော မြို့နယ်များတွင် ‘မျှဝေခြင်း’ စီမံချက်ကို ပိုမိုအလေးထား ဆောင်ရွက်ကာ NLD ၏ မခွဲခြားသော သဘောထားကို ပြသရန် NLD က ညွှန်ကြားထားသည်။
ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား ကူညီရန် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက် မျှဝေခြင်း စီမံချက်ကို ကြီးကြပ်ဆောင်ရွက်ရန် ဗဟိုအကောင်အထည် ဖော်ရေးအဖွဲ့ ဖွဲ့စည်း















