နိုင်ငံအလိုက် ပေးအပ်ချီးမြှင့်သည့် အရှေ့တောင်အာရှ စာပေဆု ၂၀၁၅ အတွက် မြန်မာနိုင်ငံမှ လယ်တွင်းသားစောချစ်၏ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး စာအုပ်က ရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆုပေးပွဲကို ပြီးခဲ့သည့်၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံတွင် ပေးအပ်ခဲ့ပြီး စာရေးဆရာ လယ်တွင်းသားစောချစ်ကိုယ်တိုင် ဆုတက်ရောက်ရယူခဲ့ကြောင်း သိရသည်။
“ဆရာရေးခဲ့တဲ့ ပန်းမြိုင်လယ်မှဥယျာဉ်မှူး စာအုပ်ဟာ စာပေဗိမာန်ပထမဆု၊ အမျိုးသားစာပေ ဆုတွေရရှိခဲ့ဖူးပါတယ်။ ဒီဝတ္ထုထဲက အကြောင်းအရာဟာ ဆရာ့ရဲ့တကယ့်ဘ၀ ဖြစ်ရပ်မှန် အဖြစ်အပျက်တွေကို ရသမြောက် ရေးဖွဲ့ခဲ့တဲ့ဝတ္ထုပါ။ အခုလိုပြည်တွင်းမှာသာမက သုံးဆုမြောက်အဖြစ် ပြည်ပကပေးအပ်တဲ့ ဆုပါရရှိခဲ့တဲ့အတွက် ပိုပြီးဝမ်းသာရပါတယ်” ဟု ဆရာလယ်တွင်းသားစောချစ်က ပြောပြခဲ့သည်။
ပန်းမြိုင်လယ်မှဥယျာဉ်မှူး စာအုပ်ကို ၁၉၇၈ခုနှစ်တွင် ရေးသား၍ စာပေဗိမာန်စာမူဆု ပြိုင်ပွဲသို့ပေးပို့ခဲ့ရာ စာပဒေသာ ပထမဆု ရရှိခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် စာပေဗိမာန်မှ စာအုပ်အဖြစ် ထုတ်ဝေခဲ့ရာ ၁၉၈၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ကြောင်း သိရသည်။
အရှေ့တောင်အာရှစာပေဆုကို ၁၉၉၄ ခုနှစ်မှစတင်ကာ ထိုင်းနိုင်ငံမှ နှစ်စဉ် ပေးအပ်ချီးမြှင့်ခဲ့ပြီး နှစ်စဉ် နိုင်ငံအသီးသီးမှ နိုင်ငံအလိုက် ရွေးချယ်တင်ပြလာသည့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စာအုပ်များ အနက်မှ နိုငံအလိုက် ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ ပြင်စာပေဆုကို ရသစာပေများအတွက်သာ ပေးအပ်ခြင်းဖြစ်ပြီး ကဗျာဆုနှင့်ဝတ္ထုဆုကို တစ်လှည့်စီ နှစ်စဉ် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှ စာပေဆုကို မြန်မာနိုင်ငံမှ ဆင်ဖြူကျွန်းအောင်သိန်း၊ ကျော်အောင်၊ စောမုံညင်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြူကြူသင်း အစရှိသည့် စာရေးဆရာများ ရရှိခဲ့ဖူးကြောင်း သိရသည်။
နိုင်ငံအလိုက် ပေးအပ်သည့် အရှေ့တောင်အာရှ စာပေဆု (၂၀၁၅) ကို မြန်မာနိုင်ငံအတွက် လယ်တွင်းသားစောချစ်၏ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး စာအုပ်က ရရှိ















