ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ယာဉ်များကို စောင့်ကြည့်ဖမ်းဆီး အရေးယူလျက်ရှိပြီး စည်းကမ်းဖောက်ဖျက်မှုကြောင့် လိုင်စင်ပိတ်သိမ်းအရေးယူမှု နှစ်သောင်းကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ယာဉ်များကို စောင့်ကြည့်ဖမ်းဆီး အရေးယူလျက်ရှိပြီး စည်းကမ်းဖောက်ဖျက်မှုကြောင့် လိုင်စင်ပိတ်သိမ်းအရေးယူမှု နှစ်သောင်းကျော်ရှိ
Published 5 February 2016
ဉာဏ်ဝင်းရှိန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောကျပ်သည့် နေရာများတွင် လမ်းပြောင်းပြန် မောင်းနှင်သည့်ယာဉ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စောင့်ကြည့်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး စည်းကမ်းဖောက်ဖျက်မှုကြောင့် လိုင်စင်ပိတ်သိမ်းအရေးယူမှု နှစ်သောင်းကျော်ရှိ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရှိရသည်။ထိုသို့ စည်းကမ်းဖောက်၍ လမ်းပြောင်းပြန် မောင်းနှင်သည့် မော်တော်ယာဉ်များကို အများပြည်သူက ဓာတ်ပုံရိုက်တိုင်ကြားနိုင်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့်လည်း စောင့်ကြည့် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေကြောင်းနှင့်  ပြစ်ဒဏ်ကျူးလွန်ပါက မော်တော်ယာဉ် ဥပဒေသစ်အရ ထောင်ဒဏ်တစ်လအထိ ချမှတ်နိုင်သည်ဟု အမှတ် (၂)  ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။ဒုရဲမှူးမျိုးအောင်မြင့်က “ယာဉ်ကြော ပြောင်းပြန်မောင်းနှင်နေတဲ့ ယာဉ်တွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ တောက်လျှောက် အရေးယူနေပါတယ်။ စီမံချက်မှ မဟုတ်ပါဘူး။ လမ်းပြောင်းပြန် မောင်းနေတဲ့ ယာဉ်တွေကို ဓာတ်ပုံရိုက်ပြီး ပြည်သူက တိုင်ကြားလာတာတွေရှိတယ်။ အဲဒီကနေလည်း အရေးယူတယ်။လမ်းတွေမှာ စောင့်ကြည့်ပြီး ချက်ချင်းအရေးယူတာတွေလည်း လုပ်နေတယ်” ဟု ဆိုသည်။ယာဉ်ကြောကျပ်တည်းမှု များပြားလာသည့် ရန်ကုန်မြို့တွင် လိုင်းကားများနှင့် ကိုယ်ပိုင်ယာဉ်များအနက် လမ်းပြောင်းပြန် မောင်းနှင်မှု အများဆုံးမှာ ယာဉ်အချိုးအစားအရ ကိုယ်ပိုင်ယာဉ်မှာ ပြစ်မှုကျူးလွန်မှု အများဆုံးဖြစ်ကာ လမ်းပြောင်းပြန် မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေသစ်အရ ထောင်ဒဏ်တစ်လအထိ ချမှတ်နိုင်သည်ဟု ဒုရဲမှူးမျိုးအောင်မြင့်က သတိပေးပြောကြားသည်။၎င်းက “ယာဉ်ကြောပြောင်းပြန်မောင်းတာက လိုင်းကားတွေရော၊ ကိုယ်ပိုင်ယာဉ်တွေရော ပါတယ်။ ဒါပေမဲ့ ယာဉ်အချိုးအစား လိုက်ခွဲလိုက်ရင်တော့ ကိုယ်ပိုင်ယာဉ်က ပိုများတော့ ပြစ်မှုကျူးလွန်တဲ့ နေရာမှာ ကိုယ်ပိုင်ယာဉ်က အများဆုံးဖြစ်နေပါတယ်။ ဖမ်းမိရင်တော့ မော်တော်ယာဉ် ဥပဒေသစ်နဲ့အညီ တရားရုံးကို တင်ပို့ပါတယ်။ တရားရုံးက ဆင်ခြင်တုံတရားနဲ့ ပြစ်ဒဏ်တွေကို ချမှတ်ပါတယ်။ ဒီပြစ်မှုက ထောင်ဒဏ်တစ်လအထိ ချလို့ရပါတယ်။ ပြစ်ဒဏ်ချတာက တရားရုံးရဲ့ ဆင်ခြင်တုံတရားပေါ့” ဟု ပြောကြားသည်။ 

Most Read

Most Recent