ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများတွင် ခိုက်ရန်ဖြစ်ပွားမှု များလာ၍ ဝင်ရောက် စစ်ဆေးခဲ့ရာ ယာဉ်များပေါ်မှ သံတုတ်နှင့် တုတ်များ သိမ်းဆည်းရမိ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများတွင် ခိုက်ရန်ဖြစ်ပွားမှု များလာ၍ ဝင်ရောက် စစ်ဆေးခဲ့ရာ ယာဉ်များပေါ်မှ သံတုတ်နှင့် တုတ်များ သိမ်းဆည်းရမိ
Published 3 February 2016
ကျော်ထင်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု များပြားလာ၍ ဝင်ရောက်စစ်ဆေးရာ ယာဉ်များပေါ်မှ သံတုတ်နှင့် တုတ်များ သိမ်းဆည်းရမိခဲ့ကြောင်း မထသ(ဗဟို)မှ သိရသည်။ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်က ခရီးသည်တင်ယာဉ် အစီးရေ ၂၀ ပေါ်မှ သံတုတ်၊ တုတ်စုစုပေါင်း ၂၅ ချောင်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ခရီးသည်တင်ယာဉ် အစီးရေ ၂၁ စီးပေါ်မှ တုတ် ၁၄ ချောင်းနှင့် ဖေဖော်ဝါရီ ၂ ရက်တွင် ယာဉ်ရှစ်စီးပေါ်မှာ သံတုတ်ရှစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။တုတ်များ တင်ဆောင်ခြင်းကို တွေ့ရှိခဲ့သည့် ယာဉ်လိုင်းများမှာ သန်မြန်သူ၊ အနောက်ပိုင်းခရိုင်၊ အဓိပတိ၊ မီနီဘတ်စ် စသည့် ယာဉ်လိုင်းများဖြစ်ကြောင်း မထသ(ဗဟို)မှ ရရှိသော အချက်အလက်များအရ သိရသည်။ယင်းသို့ သံတုတ်များ၊ တုတ်များ တင်ဆောင်ခြင်းအားဖြင့် ခရီးသည်နှင့်သော် လည်းကောင်း၊ ခရီးသည်တင် ယာဉ်အချင်းချင်းသော် လည်းကောင်း အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွားနိုင်ခြင်းကြောင့် အပတ်စဉ် အင်္ဂါနှင့် ကြာသပတေးနေ့များတွင် အထူးစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးနေပြီး သက်ဆိုင်ရာယာဉ် လိုင်းများကိုလည်း ယင်းသို့ တင်ဆောင်ခြင်း မပြုလုပ်ရန် မထသ (ဗဟို)မှ အကြောင်းကြားထားသည်။ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်း အချင်းချင်း ခရီးသည် လုတင်ရာမှ အပြန်အလှန် ခိုက်ရန်ဖြစ်ပွား ရိုက်နှက်မှု လေးကြိမ် ဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်များတွင် တုတ်များ ထားရှိခြင်းကို ပိုမိုတင်းကြပ်ခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ခရီးသည် လုရာမှ ခရီးသည်တင်ယာဉ် အချင်းချင်း အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ် လေးခု ဖြစ်ပွားခဲ့ပြီး အရှေ့ပိုင်းခရိုင် ၂၃၅ ယာဉ်လိုင်းနှင့် အဓိပတိ(အဖြူ)၊ အနောက်ပိုင်းခရိုင် ၁၀၅ ယာဉ်လိုင်းနှင့် အဓိပတိ(အပြာ)၊ ၄၃ ယာဉ်လိုင်းနှင့် ၁၀၃ (အဖြူ)၊ ၁၂၄ ယာဉ်လိုင်း နှင့် ၄၈ ယာဉ်လိုင်းတို့ဖြစ်ကြောင်း၊ ၎င်းတို့အား ရဲစစ်ဆေးမှုအရ အရေးယူပြီးပါက ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သော ယာဉ်မောင်းနှင့် နောက်လိုက်များအား မထသ၏ စည်းကမ်းများအတိုင်း မထသမှ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု လေးကြိမ်သာ ဖြစ်ပွားခဲ့သဖြင့် ယခုနှစ်တွင် ဖြစ်ပွားမှု မြင့်တက်နေခြင်းဖြစ်သည်။   

Most Read

Most Recent