ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာပြေးသည့် စစ်ဘေးဒုက္ခသည် ၉၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) က The Daily Eleven သို့ ပြောကြားသည်။
အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများအား ကူညီနေသည့် အဖွဲ့တစ်ခုဖြစ်သည့် တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO) မှ တွဲဖက် အထွေထွေအတွင်းရေးမှူး မဒီဒီပိုးစင်က “လတ်တလော RCSS နှင့် TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့နယ်၊ လွယ်ဆာရွာပေါ့။ အဲဒီကနေ ဇန်နဝါရီ လကုန်ပိုင်းလောက်အထိ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၉၀ ကျော်ရှိတယ်။ သူတို့အနေနဲ့ အခုလောလောဆယ် သူတို့က မိုးကုတ်မှာ နေတယ်။ သူတို့အနေနဲ့ ရောက်တဲ့နေရာမှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက် နေရတာမျိုးတွေ ရှိနေတယ်”ဟု ဖေဖော်ဝါရီ ၁ ရက်က ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TWO) တို့သည် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး၂၀၁၅ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
“အရင်က မြန်မာ့တပ်မတော်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေရှိတယ်။ အခု RCSS နှင့် TNLA တို့အကြား တိုက်ပွဲတွေကလည်း ရှိနေတော့ ဒေသခံတွေက နယ်မြေတည်ငြိမ်မှုကို မယုံကြည်နိုင်သေးတဲ့အတွက် အိမ်မပြန်နိုင်တဲ့ အနေအထားမျိုးတွေ ရှိနေသေးတာဖြစ်တယ်။ တချို့နေရာတွေကျ တော့လည်း စစ်တပ်တွေက ရှိနေတုန်းပဲ။တပ်မတော်နဲ့ TNLA တို့ကြားမှာလည်း တိုက်ပွဲဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမျိုးမှာ လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးမှာ သူတို့ မပြန်ချင်သေးဘူး။ အဲဒီလိုမျိုးတွေရှိတယ်။ လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမှာ နေရပ်စွန့်ခွာ ပြေးရသူတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းတစ်ခု ရှိတယ်။ ကွတ်ခိုင်မှာလည်း စခန်းနှစ်ခုရှိတယ်။ နောက် မိုးကုတ်မှာလည်း တစ်နေရာ ရှိတယ်။ နမ္မတူမြို့နယ်မှာလည်း တစ်နေရာရှိတယ်။အများစုကတော့ နေရပ်မပြန်နိုင်ကြသေးဘူး။ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေက အဓိကတော့ စားသောက်ရေးနဲ့ ကလေးတွေ ကျောင်းစာ သင်ကြားရေးအပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်” ဟု မဒီဒီပိုးစင်က ဆက်လက် ပြောကြားသည်။
၂၀၁၄ ခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် တပ်မတော် နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော် ထပ်မံ တိုးပွားလာခဲ့ကြောင်း သိရသည်။
အချို့မှာ နေရပ်ပြန်နိုင်ခဲ့သော်လည်း စစ်ဘေးဒုက္ခသည်များ ယခင်နေထိုင်ခဲ့ရာ ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေဆဲဖြစ်သောကြောင့် အများစုမှာ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေဆဲဖြစ်ကြောင်း နှင့် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသူဦးရေ မှာ ၂၀၀၀ ဝန်းကျင် ရှိကြောင်းလည်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြေးသူ ၉၀ ကျော်ရှိလာ















