ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာရှိ ကြေးခေတ်နှင့် သံခေတ်တည်ရှိရာ နေရာအား ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြင်သစ်ပညာရှင်များက တူးဖော်လျက်ရှိရာ အရိုးစုရုပ်ကြွင်းများနှင့် အသုံးအဆောင်ပစ္စည်းများ တူးဖော်တွေ့ရှိ

ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာရှိ ကြေးခေတ်နှင့် သံခေတ်တည်ရှိရာ နေရာအား ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြင်သစ်ပညာရှင်များက တူးဖော်လျက်ရှိရာ အရိုးစုရုပ်ကြွင်းများနှင့် အသုံးအဆောင်ပစ္စည်းများ တူးဖော်တွေ့ရှိ
Published 1 February 2016
ဌေးလှအောင်

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာရှိ ကြေးခေတ်-သံခေတ် တည်ရှိသည့် နေရာများအား ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံမှ ပညာရှင်များက ၂၀၁၆ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ကာ တူးဖော်သုတေသန လုပ်ငန်းများ လုပ်ဆောင်နေပြီး တူးဖော်မှုများမှ ရှေးဦးလူသားတို့၏ အရိုးစု ရုပ်ကြွင်းများ အဆိုပါ လူသားတို့၏ အသုံးအဆောင် ပစ္စည်းများ တူးဖော်တွေ့ရှိထားကြောင်း စုံစမ်းသိရသည်။မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာနှင့် အုတ်အိုင် ကျေးရွာတို့ရှိ ကြေးခေတ်-သံခေတ် အထောက်အထားများရှိရာ နေရာများသို့ မြန်မာအစိုးရနှင့် ပြင်သစ်နိုင်ငံတို့မှ ပညာရှင်များက ဇန်နဝါရီ ၄ ရက်မှ စတင်ကာ ယခုဇန်နဝါရီ နောက်ဆုံးပတ်အထိ တူးဖော်မှုများ ပြုလုပ်လျက်ရှိပြီး တူးဖော်သုတေသနပြုရာမှ အရိုးစုရုပ်ကြွင်းလေးခု၊ အရိုးအပိုင်းအစများ၊ မြေအိုးနှင့် အကွဲအပိုင်းအစများ၊ ကျောက်လက်နက် ပြုလုပ်ရာတွင် အသုံးပြုသည့် ကျောက်သားအပိုင်းအစများ၊ ကြေးလက်နက်ပစ္စည်းနှင့် ပုတီးစေ့ အပိုင်းအစများ တူးဖော်တွေ့ရှိထားကြောင်း သွားရောက်စုံစမ်းမှုများအရ သိရသည်။ကြေးခေတ် အထောက်အထားများ ထပ်မံတူးဖော် တွေ့ရှိမှုတွင် ညောင်ကန်ကျေးရွာ တူးဖော်သုတေသနပြုလုပ်ကွက် အမှတ် (၁) တွင် မြေအနက် ၅၀ မီတာမှ မြောက်ဘက်သို့ ဦးခေါင်းပြု၍ မြှုပ်နှံထားပြီး ပက်လက်အနေအထားရှိ အရိုးစုရုပ်ကြွင်းတစ်ခု၊ ယင်းအရိုး စုရုပ်ကြွင်း၏ အနောက်ဘက် ၁၆၀ စင်တီမီတာ အကွာတွင် မြောက်ဘက်သို့ ဦးခေါင်းပြု၍ ပက်လက်အနေအထား မြှုပ်နှံထားသည့် အရိုးစုရုပ်ကြွင်းနှင့် မြေအိုးငယ်တစ်လုံး၊ အဆိုပါ အမှတ် (၁) သုတေသနပြုလုပ်ငန်းမှ စမ်းသပ်ကျင်းတစ်ခုအား ထပ်မံတူးဖော်ခဲ့ရာ မြောက်သို့ဦးခေါင်းပြုကာ ပက်လက်အနေအထား မြှုပ်နှံထားသည့် အရိုးစုရုပ်ကြွင်းနှင့် ရုပ်ကြွင်းအပေါ်၌ အိုးငယ် ၂၉ လုံးတို့ အတူတကွ မြှုပ်နှံထားသည်ကို တူးဖော်တွေ့ရှိခဲ့သည်။ ယင်းရုပ်ကြွင်း၏ အရှေ့ဘက် ၂၂၀ စင်တီမီတာအကွာ မြေအနက် ၅၀ စင်တင်တီမီတာတွင် မြောက်ဘက်သို့ ဦးခေါင်းပြုထားသည့် အရိုးစုရုပ်ကြွင်းအား ပက်လက်အနေအထားဖြင့် မြှုပ်နံှထားသည့် လေးခုမြောက် ရုပ်ကြွင်းကို မြေအိုးငယ်နှစ်လုံးနှင့် တွဲလျက်တွေ့ရှိခဲ့ကြောင်း တူးဖော်မှု မှတ်တမ်းများအရ သိရသည်။ကြေးခေတ်-သံခေတ် အထောက်အထားများ တည်ရှိရာနေရာများအား လုပ်ကွက် အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် လေးမီတာပတ်လည် ကျင်းလေးကျင်းဖြင့် စမ်းသပ်တူးဖော်မှုများ ပြုလုပ်လျက်ရှိပြီး ကနဦးအနေဖြင့် အရိုးစုရုပ်ကြွင်းများ၊ အရိုးစုရုပ်ကြွင်းနှင့် အတူယင်း၏ အသုံးအဆောင် ပစ္စည်းများ၊ ကျောက်လက်နက် အပိုင်းအစများ၊ ကြေးလက်နက်နှင့် ပုတီးစေ့ အပိုင်းအစများ အစရှိသည့် ပစ္စည်းများ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။“ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနဲ့ကတော့ အခုတွေ့ရှိထားတဲ့ ရုပ်ကြွင်းတွေကို ထိန်းသိမ်းမယ်ဆိုရင် သူတို့ရဲ့ ရှေးဟောင်းဘဝပုံစံကို ထိန်းသိမ်းမှာလား ရှေးဟောင်း ပစ္စည်းကိုပဲ ထိန်းသိမ်းမှာလားဆိုတဲ့ ရှုထောင့်နှစ်ခုရှိတယ်။ ယဉ်ကျေးမှုအရဖြစ်တဲ့ မနုဿ ဗေဒ၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်တဲ့ မနုဿဗေ ဒပေါ့။ ဒီကိစ္စကတော့ နှစ်ပိုင်းလုံး သက်ဆိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အခုတွေ့ရှိထားတဲ့ အရိုးစုရုပ်ကြွင်းတွေနဲ့အတူ တွေ့ရှိထားတဲ့ ပုတီးစေ့တွေ အသုံးအဆောင်ပစ္စည်းတွေအရ ကျွန်တော်တို့နိုင်ငံဟာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားခဲ့တယ်။ ဒီအရိုးစု ရုပ်ကြွင်းတွေက ဘယ်ကမှ ရွှေ့ပြောင်းရောက်ရှိလာတာလည်း မဟုတ်ဘူး။ အရင်ကတည်းက လူမျိုးတွေက နှစ်ပေါင်းများစွာကတည်းက ဒီနေရာမှာ အခြေချနေထိုင်ခဲ့တယ်။ ဒေသခံတွေကိုလည်း ရှေးဟောင်းယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ပညာပေးတာတွေ လုပ်သွားမယ်။ ဟိုတယ်အဆောက်အအုံတွေကတော့ လုံးဝခွင့်မပြုပါဘူး။ ဥပဒေအရလည်း ခွင့်ပြုပေးလို့ မရပါဘူး။ ဥပဒေနဲ့အညီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားမှာပါ” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက တူးဖော်တွေ့ရှိထားသည့် အရိုးစု ရုပ်ကြွင်းများအား လာရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။  လက်ရှိတူးဖော်တွေ့ရှိထားသည့် အရိုးစုရုပ်ကြွင်းများအား သက်တမ်းအတိအကျနှင့် ခေတ်ကာလ အပိုင်းအခြားအား တိတိကျကျ သိရှိစေရန်အတွက် ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent