လွှတ်တော်သစ်မှာ ဘယ်ဥပဒေတွေကို စပြင်မလဲ

လွှတ်တော်သစ်မှာ ဘယ်ဥပဒေတွေကို စပြင်မလဲ
Published 31 January 2016
နေထွန်းနိုင်

ဖေဖော်ဝါရီ ၁ ရက်မှာ ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ စတင်ပါပြီ။ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ရေးတွေ လုပ်ပြီးတာနဲ့ သမ္မတ ရွေးချယ်ရေး ဆက်လုပ်ရမှာပါ။ သမ္မတ ရွေးပြီးပြီဆိုရင် သမ္မတက တင်သွင်းရမယ့် အစိုးရ အဖွဲ့ကို ရွေးချယ် အတည်ပြုရမှာ ဖြစ်ပါတယ်။မတ် ၃၁ ရက်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ အုပ်ချုပ်ရေး သက်တမ်း ကုန်ဆုံးပြီး ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ရွေးချယ်တဲ့ သမ္မတသစ်နဲ့ အစိုးရအဖွဲ့သစ် အုပ်ချုပ်ရေး အာဏာ လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ 
■ ၂၀၁၁ ခုနှစ် အခင်းအကျင်း၂၀၁၁ ခုနှစ် တုန်းကတော့ ဇန်နဝါရီ  ၃၁ ရက်မှာ ပြည်ထောင်စု လွှတ်တော်ကို စတင် ခေါ်ယူပါတယ်။အဲဒီနောက် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ကို ဖွဲ့စည်းပြီး သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်ကို လုပ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ကိုလည်း အဲဒီနေ့မှာပဲ စတင် ခေါ်ယူပါတယ်။လွှတ်တော် နှစ်ရပ်စလုံး စတင် ခေါ်ယူပြီးချိန်မှာ ဒုတိယ သမ္မတလောင်း ရွေးချယ်မှုတွေကို လုပ်ခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ သမ္မတနဲ့ ဒုတိယ သမ္မတ နှစ်ဦးကို ရွေးချယ်ခဲ့ကြပါတယ်။ဒီလို ရွေးပြီး နောက်ပိုင်းရက်တွေမှာ အစိုးရ ဝန်ကြီးဌာနများ ဖွဲ့စည်းရေးနဲ့ ဝန်ကြီး ခန့်အပ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ခန့်အပ်ရေး၊ ပြည်ထောင်စု တရားသူကြီးချုပ် ခန့်အပ်ရေး၊ ပြည်ထောင်စု ရှေ့နေချုပ် ခန့်အပ်ရေး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ခန့်အပ်ရေး စတာတွေနဲ့ စပ်လျဉ်းပြီး သမ္မတရဲ့ အဆိုပြုချက်တွေကို ဆွေးနွေးရွေးချယ် အတည်ပြုကြပါတယ်။   ဒီအတိုင်းပဲ လွှတ်တော်ရေးရာ ကော်မတီ ဖွဲ့စည်းရေးတွေကို သက်ဆိုင်ရာ လွှတ်တော်အလိုက် ဆွေးနွေးကြပြီး အတည်ပြုခဲ့ ကြပါတယ်။၂၀၁၁ ခုနှစ် မတ်လဆန်းပိုင်းက စတင်ပြီး မတ်လ တစ်လလုံးမှာ အစိုးရ ဝန်ကြီးဋ္ဌာနတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးတွေက ရှင်းလင်းခဲ့ကြပါတယ်။ သက်ဆိုင်ရာ ဥပဒေကြမ်းတွေကိုလည်း မတ်လမှာ စတင် ဆွေးနွေးခဲ့ကြပါတယ်။၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှာတော့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရတဲ့ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယကရှေ့မှာ သမ္မတအဖြစ် ကတိသစ္စာပြုပြီး မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်မှာ လုပ်ဆောင်ခဲ့တဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ ကြိုတင် စီစဉ်ထားတဲ့ ပုံစံမျိုး ဖြစ်တဲ့အတွက် အထစ်အငေါ့ မရှိပါဘူး။ 
■ ကျန်နေတဲ့ ဥပဒေကြမ်း ၂၃ ခု၂၀၁၆ ခုနှစ်ကတော့ ၂၀၁၁ ခုနှစ်နဲ့ တူချင်မှ တူပါလိမ့်မယ်။ အတည်ပြုနိုင်ခြင်း မရှိသေးတဲ့ သတင်းတွေ အရ သမ္မတနဲ့ ဒုတိယ သမ္မတ ရွေးချယ်ခြင်းကို ဖေဖော်ဝါရီ လကုန်မှ အပြီးသတ် လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။ ဒီအတိုင်း ဖြစ်လာခဲ့ရင် အစိုးရ ဖွဲ့စည်းရေးဟာ မတ်လရောက်မှ ပေါ်ထွက်လာမှာပါ။  ဘယ်လိုပဲ ဖြစ်ဖြစ် လွှတ်တော် စတင်ပြီ ဆိုတာနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေ များပါတယ်။ အစိုးရ အဖွဲ့သစ်ရဲ့ တာထွက် လမ်းကြောင်းကို လွှတ်တော်က စတင်ပေးရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ လွှတ်တော်က ဥပဒေပြုရေး ကိစ္စတွေကို ဆက်လုပ်ကြရမှာပါ။အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင် စတဲ့ သုံးခုမှာ လွှတ်တော်ဟာ ဥပဒေပြုရေး မဏ္ဍိုင် ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အဓိက တာဝန်ဟာ အစိုးရက ပေးပို့လာတဲ့ ဥပဒေကြမ်းတွေကို ဆွေးနွေး အတည်ပြုပေးရတာ ဖြစ်သလို လိုအပ်တဲ့ ဥပဒေကြမ်းတွေကို ကိုယ်တိုင် ရေးဆွဲပြီး ဆွေးနွေးပြီး အတည်ပြုရတာ ဖြစ်ပါတယ်။ဒါ့အပြင် ပြဋ္ဌာန်းပြီး ဖြစ်တဲ့ ဥပဒေတွေထဲက ပြင်ဆင်ဖို့ လိုအပ်တဲ့ ဥပဒေတွေကိုလည်း ပြင်ဆင်ချက် ဥပဒေကြမ်း ရေးဆွဲ တင်သွင်းပြီး အတည်ပြုရေး လုပ်ဆောင်ရပါတယ်။ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းမှာ ဥပဒေ ၂၂၉ ခု ပြဋ္ဌာန်းခဲ့ပါတယ်။ ဆောင်ရွက်ဖို့ ကျန်နေတဲ့ ဥပဒေကြမ်း ၂၃ ခု ရှိပါတယ်။ ပြဋ္ဌာန်း ဆောင်ရွက်ဖို့ ကျန်နေတဲ့ ဥပဒေကြမ်းတွေမှာ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ စက်မှုလုပ်ငန်း ဥပဒေကြမ်း၊ အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း၊ အခြေခံ ပညာရေး ဥပဒေကြမ်းတို့လည်း ပါဝင်ပါတယ်။ဒါကြောင့် သမ္မတ ရွေးချယ်ရေးကို ဖေဖော်ဝါရီ လကုန်ပိုင်း ရောက်မှ အတည်ပြု လုပ်နိုင်မယ် ဆိုရင် ကြားကာလမှာ ပြဋ္ဌာန်းဖို့ ကျန်နေတဲ့ ဥပဒေကြမ်းတွေ အတည်ပြုနိုင်ရေးကို ဆက်လုပ်ရမှာပါ။ ဒါ့အပြင် ဥပဒေ ပြင်ဆင်မှုတွေကို တစ်ပါတည်း လုပ်ကြရမှာ ဖြစ်ပါတယ်။   
■ ဘယ် ဥပဒေတွေကို ပြင်မလဲပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ငါးနှစ်တာ ကာလမှာ ဥပဒေပေါင်း ၂၂၉ ခုကို ပြဋ္ဌာန်းနိုင်ပေမယ့် လိုအပ်နေတဲ့ ဥပဒေတွေ၊ မလွဲမသွေ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ဥပဒေ များစွာ ရှိနေပါတယ်။ ဒါတွေထဲကမှ ပြင်ဖို့ လိုအပ်တဲ့ ဥပဒေတွေကို အရင် ပြင်ကြရပါလိမ့်မယ်။ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ဥပဒေတွေဟာ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီမှု မရှိတဲ့ အပြင် ပြည်သူလူထုကိုပါ ဖိစီးထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။NLD ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း “ပြည်သူလူထု၏ အကျိုးကို ရှေးရှုသည့် ဥပဒေများကို လိုအပ်သကဲ့သို့ ပြင်ဆင် ပြဋ္ဌာန်းမည်” လို့ ပြောထားတဲ့ အပြင် “ပြည်သူလူထု ရသင့် ရထိုက်သော လွတ်လပ်မှုနဲ့ လုံခြုံမှုကို ထိပါးစေသည့် ဥပဒေများကို ဖျက်သိမ်းမည်” လို့ ဆိုထားပါတယ်။ဒီနှစ်ချက်နဲ့ ကိုက်ညီပြီး ပထမဆုံး မလွဲမသွေ ပြင်ဆင်သင့်တဲ့ ဥပဒေဟာ ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းစုစီ ဥပဒေ ဖြစ်ပါတယ်။ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေဟာ ပြည်သူ လူထုကို တစ်ဖက်လှည့်နဲ့ ဖိနှိပ်ထားတဲ့ ဥပဒေ ဖြစ်နေပါတယ်။ဒုတိယ ပြင်ဆင်သင့်တဲ့ ဥပဒေက စစ်အာဏာရှင်တွေသာ မကဘဲ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာပါ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ပြည်သူလူထု အကျိုးစီးပွား ကာကွယ်ဖို့အတွက် လုပ်ဆောင်ခဲ့သူတွေကို နှိပ်ကွပ်ရာမှာ အသုံးပြုခဲ့တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြစ်ပါတယ်။ နောက်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ပြင်ဆင်ရပါဦးမယ်။ဒီအတိုင်းပဲ NLD ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အဓိက ဖော်ပြထားတဲ့ ကဏ္ဍကြီး ၁၃ ခုထဲက စီးပွားရေး၊ တောင်သူလယ်သမားရေး၊ အလုပ်သမားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ ဥပဒေတွေကိုလည်း ပြင်ဆင်တာတွေ၊ အသစ် ပြဋ္ဌာန်းဖို့ ရှိနေပါသေးတယ်။ဒီဘက်နှစ်တွေမှာ အသုံးပြုမှု များလာတဲ့ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေတွေကိုလည်း နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်အောင် ပြင်ဆင်ဖို့ လိုပါသေးတယ်။ဒါ့အပြင် ငွေကြေး ခဝါချမှု၊ အခွန် တိမ်းရှောင်မှု၊ စီးပွားရေး အကျိုးအမြတ်ဆိုင်ရာ လက်ဝါးကြီး အုပ်မှုတွေကို ကာကွယ်ထားတဲ့ ဥပဒေတွေ အပြင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေ၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေကိုလည်း ပြင်ဆင်ရေးဆွဲ ရပါဦးမယ်။ဒီဥပဒေတွေထဲကမှ ငြိမ်းစုစီ ဥပဒေ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေတွေက လွှတ်တော် စတင်ပြီး အမြန်ဆုံး ပြင်ဆင်ရမယ့် ဥပဒေတွေ ဖြစ်ပါတယ်။ 
■ ငြိမ်းစုစီ ဥပဒေငြိမ်းစုစီ ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာ ပြဋ္ဌာန်းပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်မှာ နည်းဥပဒေ ထွက်လာပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်မှာ ပြင်ဆင်မှုတစ်ချို့ လုပ်ခဲ့ပေမဲ့ အနှစ်သာရအားဖြင့် ပြောင်းလဲခြင်း မရှိသေးပါဘူး။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ “နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်” လို့ ဆိုပြီး ...(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊(ခ) လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်၊(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီပြဋ္ဌာန်းချက်မှာ ပါဝင်တဲ့ ဖွင့်ဆိုချက် (က)၊ (ခ)တို့အရ ငြိမ်းစုစီ ဥပဒေ ဖြစ်လာတာပါ။ ဥပဒေ ရည်ရွယ်ချက်မှာ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတွေကို အကာအကွယ်ပေးဖို့ ဆိုတဲ့ အချက်တစ်ခု ပါဝင်ပါတယ်။ဒါပေမဲ့ လက်တွေ့မှာတော့ ဒီဥပဒေဟာ နိုင်ငံသားတွေကို ဖိနှိပ်တဲ့ ဥပဒေ ဖြစ်လာပါတယ်။ပြီးခဲ့တဲ့ လေးနှစ်ကျော် ကာလအတွင်းမှာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈ ကြောင့် ထောင်ဒဏ် ကျခံခဲ့ရသူ ရာပေါင်းများစွာ ရှိခဲ့ပါတယ်။ သူတို့ အားလုံးဟာ ဆန္ဒ ထုတ်ဖော်မှုနဲ့ ဆက်စပ်ပြီး အစိုးရက တရားစွဲဆို ထောင်ချခဲ့တာ ဖြစ်ပါတယ်။ အခုချိန် အထိလည်း ဒီဥပဒေနဲ့ တရားစွဲဆို ထောင်ချမှုတွေ ရှိနေတုန်းပါ။  နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ စာရင်းတွေအရ ဇန်နဝါရီ ၁၉ ရက်နေ့အထိ ထောင်ဒဏ် ကျခံနေရ သူ ၁၃၁ ဦးမှာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) စတဲ့ ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် ချမှတ်ခံထားရသူ ၅၀ ဦး ရှိပါတယ်။ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်နေ့အထိ တရား ရင်ဆိုင်နေရသူ ၄၀၉ ဦးမှာ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ နဲ့ စွဲဆိုခံထားရသူ ၁၄၅ ဦးရှိပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆို ခံထားရသူ ၁၁၄ ဦး ရှိခဲ့ပါတယ်။ 
■ ဖွဲ့စည်းပုံကို ဆန့်ကျင်နေသလားအာဏာပိုင်တွေက ငြိမ်းစုစီ ဥပဒေကို အသုံးချပြီး နှိပ်ကွပ်တဲ့ နေရာမှာ ပုဒ်မ ၁၈ ကို အများဆုံး အသုံးပြုပါတယ်။ ပုဒ်မ ၁၉ ကိုလည်း သုံးစွဲလေ့ ရှိပါတယ်။ ဥပဒေအရလည်း ငြိမ်းစုစီ ဥပဒေနဲ့ အရေးယူတဲ့ ပြစ်မှုတွေကို ရဲအရေးပိုင်တဲ့ ပြစ်မှုအဖြစ် သတ်မှတ်ထားတဲ့အတွက် တရားလိုဟာ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေပဲ ဖြစ်နေပါတယ်။ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၈) မှာ “မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြပါတယ်။၂၀၁၁ ခုနှစ် စတင် ပြဋ္ဌာန်းချိန်မှာ ထောင်ဒဏ်ကို တစ်နှစ် ပြဋ္ဌာန်းခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ ပြင်ဆင်မှု လုပ်ပြီး ထောင်ဒဏ် ခြောက်လထက် မပိုသောလို့ ပြောင်းခဲ့ပါတယ်။ငွေဒဏ် တစ်ခုတည်း ချမှတ်ရင် ဖြစ်တဲ့ ဒီပုဒ်မနဲ့ တရားစွဲဆို ခံခဲ့ရသူ အများစုဟာ ငွေဒဏ် မဟုတ်ဘဲ ထောင်ဒဏ်တွေပဲ ချမှတ်ခံခဲ့ ရပါတယ်။ပုဒ်မ ၁၇ က ခွင့်ပြုချက်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သူတွေကို နှောင့်ယှက်တာ၊ ဖျက်ဆီးတာ၊ ဟန့်တားတာ၊ စိတ်ငြိုငြင်အောင် ပြုလုပ်တာ၊ လက်ရောက် ကျူးလွန်တာ၊ အနိုင်အထက် ပြုတာတွေ လုပ်တဲ့သူကို အရေးယူတာ ဖြစ်ပြီး ဒါကို ကျူးလွန်တယ် ဆိုရင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်လို့ ပြဋ္ဌာန်း ထားပါတယ်။ပုဒ်မ ၁၉ ကတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဖို့ ခွင့်ပြုထားတဲ့ နေ့ရက်၊ ဖြတ်သန်း သွားလာရမယ့် လမ်းကြောင်း၊ အချိန်တွေ အပြင် ခွင့်ပြုမိန့် ပေးထားတဲ့ နေရာတွေမှာ ခွင့်ပြုပေးထားတဲ့ အတိုင်း မလုပ်ရင် အရေးယူတဲ့ ပုဒ်မ ဖြစ်ပါတယ်။ဒီပုဒ်မမှာ ပါဝင်တဲ့ အချက်တွေကို ကျူးလွန်ရင် သုံးလထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်လို့ ပြဋ္ဌာန်းပါတယ်။ငြိမ်းစုစီ ဥပဒေမှာ ပါဝင်နေတဲ့ ပုဒ်မ၊ ပြစ်ဒဏ် အရေးယူမှုတွေကို ပုံမှန်အားဖြင့် ကြည့်ရင် ပြဿနာ မရှိဘူးလို့ ယူဆနိုင်ပေမယ့် ဥပဒေ တစ်ခုလုံးကို ခြုံငုံကြည့်တဲ့အခါ ဒီဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကိုပါ ကျော်လွန်သလို ဖြစ်နေပါတယ်။ 
■ ဘယ်လိုပုံစံ ဖြစ်နေလဲ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (ခ) အရ ဘယ်သူမဆို လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပြုထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ခွင့်ပြုချက် ယူပြီးမှ လုပ်ရမယ်လို့ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ခြွင်းချက်အဖြစ် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။ခြွင်းချက် ပေးထားချက်ကို စဉ်းစားပြီး ပုဒ်မ ၃၅၄ (ခ) ပြဋ္ဌာန်းချက် အသုံးပြုသူတွေကို ကိုင်တွယ်ရာမှာ စည်းမျဉ်း၊ စည်းကမ်းတွေပဲ ပါဝင်တဲ့ ငြိမ်းစုစီ ဥပဒေပဲ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဒီလို မဖြစ်ဘဲ ငြိမ်းစုစီ ဥပဒေမှာ ပြစ်မှု၊ ပြစ်ဒဏ်တွေ ထည့်သွင်း လိုက်တာကြောင့် ဒီဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄(ခ) ကို ဆန့်ကျင်သလို ဖြစ်သွားပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံသား အခွင့်အရေးအရ ဆန္ဒထုတ်ဖော်သူတွေကို ဥပဒေနဲ့ ကန့်သတ် တားဆီး လိုက်သလို ဖြစ်ခဲ့ပါတယ်။ငြိမ်းစုစီ ဥပဒေ ပြဋ္ဌာန်းချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတဲ့ အပြင် ဥပဒေအရ ဆန္ဒ ထုတ်ဖော်သူတွေဟာ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးဆီ လျှောက်ထားရပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး အတည်ပြုချက်နဲ့ ခွင့်ပြုရတာ ဖြစ်ပါတယ်။ဒါကြောင့် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခွင့်အတွက် ခွင့်ပြုမိန့်ဟာ သက်ဆိုင်ရာ အာဏာပိုင်တွေ လက်ထဲမှာပဲ ရှိနေပြီး အနည်းငယ် အတိမ်းအစောင်း ရှိတာနဲ့ အရေးယူ ပြုလုပ်ခြင်းကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေကပဲ လုပ်ခဲ့ကြပါတယ်။ဒီအတွက်ကြောင့်ပဲ ပြီးခဲ့တဲ့ လေးနှစ်တာ ကာလ အတွင်းမှာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အသုံးပြုပြီး အာဏာပိုင်တွေက ပြည်သူလူထုအရေး တက်ကြွ လှုပ်ရှားသူတွေရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေကို အရေးယူ နှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ်။ငြိမ်းစုစီ ဥပဒေ ပုဒ်မတွေဟာလည်း တစ်ချိန်တုန်းက အာဏာရှင်တွေ အသုံးပြုခဲ့တဲ့ အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည)လို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဥပဒေ ဖြစ်လာပါတယ်။ပုဒ်မ ၅(ည) က ထောင်ဒဏ် ခုနစ်နှစ်အထိ အရေးယူ အပြစ်ပေးလို့ ရသလိုပဲ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တွေ အများကြီး ချမှတ်တဲ့ ဖိနှိပ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပုဒ်မ ၁၈ အရ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လပဲ ချမှတ်လို့ ရတယ် ဆိုပေမယ့် မြို့နယ် တစ်ခုချင်းစီ အလိုက် တစ်မြို့နယ်ကို ပုဒ်မ ၁၈ တစ်ခုချင်းစီ တပ်ပြီး တစ်မြို့နယ် ပြစ်မှုအတွက် ထောင်ဒဏ် ခြောက်လစီနဲ့ ပြစ်ဒဏ် အများကြီး ကျအောင် လုပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။  ■ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာ ပုဒ်မ ၁၈ နဲ့ ယှဉ်တွဲပြီး အသုံးပြုခဲ့တာက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြစ်ပါတယ်။ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ရဲ့ ပြဋ္ဌာန်းချက်က “မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကို ဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆို ခံရပြီး ထောင်ဒဏ် ချမှတ် ခံရသူတွေကလည်း ပြည်သူလူထု အရေး ဆောင်ရွက်နေတဲ့ တက်ကြွ လှုပ်ရှားသူတွေပဲ ဖြစ်ပါတယ်။AAPP ရဲ့ စာရင်းတွေ အရပဲ လက်ရှိ ထောင်ဒဏ် ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား ၁၃၁ ဦးထဲမှာ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ နဲ့ တွဲပြီး ထောင်ဒဏ် ချမှတ်ခံထားရသူ ၁၇ ဦး ရှိပါတယ်။ ဒီလူတွေ ထဲမှာ ကိုထင်ကျော်က ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တွေနဲ့တင် ထောင်ဒဏ် ၁၃ နှစ် ၆ လ ကျခံနေရသူ ဖြစ်ပါတယ်။ ဒုတိယ အများဆုံး ချမှတ် ခံထားရသူက ကိုနေမျိုးဇင် ဖြစ်ပြီး ထောင်ဒဏ် ငါးနှစ် နီးပါး ချမှတ် ခံထားရပါတယ်။ပုဒ်မ ၅၀၅ (ခ) အပြင် ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၈၈ တို့နဲ့ တွဲဖက်ပြီး ထောင်ဒဏ် ကျခံနေရသူ သုံးဦး ရှိပြီး သူတို့က ထောင်ဒဏ် နှစ်နှစ်ကျော် ချမှတ် ခံထားရတဲ့ ရွှေလုပ်သားတွေ ဖြစ်ပါတယ်။■ ၅၀၅ (ခ) နဲ့ ဘယ်သူတွေကို စွဲထားလဲနိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ အလုပ်သမား အရေး၊ တောင်သူလယ်သမား အရေး ဆောင်ရွက်သူတွေ၊ ဂျာနယ်လစ်တွေ အပါအဝင် အစိုးရက တရားစွဲထားတဲ့အတွက် အမှု ရင်ဆိုင်နေရသူ ၄၀၉ ဦးထဲမှာ ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံ ထားရသူ ၁၁၄ ဦး ရှိပါတယ်။ဒီထဲကမှ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ဖို့ သပိတ်မှောက် အရေးဆို ခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၉၃ ဦးထဲမှာ ၈၀ ဟာ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲ ခံထားရပါတယ်။ ကျောင်းသားတွေက ၅၀၅(ခ) တင် မကဘဲ အနည်းဆုံး ပုဒ်မ ငါးခုစီနဲ့ တရားစွဲဆို ခံထားရတာပါ။ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၃၃၂ တို့နဲ့ တရားစွဲဆို ခံကြရတာပါ။ဒီထဲမှာ ပုဒ်မ ၁၄၃ က ဘယ်သူမဆို ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေး တစ်ခုမှာ ပါဝင်ခြင်းကို ရည်ညွှန်းပြီး ထောင်ဒဏ် ခြောက်လ၊ ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ခုလုံး ချမှတ်နိုင်ပါတယ်။ ပုဒ်မ ၁၄၅ က ဘယ်သူမဆို ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးကို လူစုခွဲဖို့ ဥပဒေ ပြဋ္ဌာန်းထားတဲ့ နည်းလမ်းအတိုင်း အမိန့်ပေးပြီးကြောင်းကို သိလျက်နဲ့ ပါဝင်သူ ဖြစ်မယ်၊ ဒါမှမဟုတ် ဆက်လက် ပါဝင်နေသူ ဖြစ်မယ်ဆိုရင် သူ့ကို ထောင်ဒဏ် နှစ်နှစ်အထိ ဖြစ်ဖြစ်၊ ငွေဒဏ် ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်ဖြစ် ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ပုဒ်မ ၁၄၇ ကတော့ ဘယ်သူမဆို ရုန်းရင်းဆန်ခတ်မှု ကျူးလွန်မယ် ဆိုရင် အဲဒီလူကို ထောင်ဒဏ် နှစ်နှစ်အထိ ဖြစ်ဖြစ်၊ ငွေဒဏ် ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်ဖြစ် ချမှတ်ခံနိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။ပုဒ်မ ၃၃၂ က ပြစ်ဒဏ် ကြီးပါတယ်။ ပြည်သူ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသူကို နာကျင်အောင် လုပ်တာ၊ တာဝန် ထမ်းဆောင်နေတာကို ဟန့်တားပြီး နာကျင်အောင် ပြုလုပ်တာတွေကို ရည်ညွှန်းထားတဲ့ ပုဒ်မ ဖြစ်ပြီး ကျူးလွန်တယ်လို့ စီရင်ခြင်း ခံရရင် ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်ဖြစ်၊ ငွေဒဏ် ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်ဖြစ် ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်း ထားပါတယ်။ဒါကြောင့် ပုဒ်မ ၅၀၅(ခ) အပါအဝင် အခြား ပုဒ်မ များစွာနဲ့ ဖမ်းဆီး တရားစွဲ ခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံ ပြည်သူတွေဟာ အနည်းဆုံး ထောင်ဒဏ် ကိုးနှစ်ကျော် ကျခံနိုင်ရလောက်တဲ့ အထိ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရမှုကို ပြန်ကြည့်ရင်တော့ ကျောင်းသားတွေ အပေါ် စွဲဆိုထားမှု ဘယ်လောက်အထိ မှန်သလဲ ဆိုတာ တွက်ဆနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးမီက သမ္မတ ဦးသိန်းစိန် ပေးခဲ့တဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ရသူတွေထဲမှာ ကျောင်းသားတွေ မပါသေးသလို ခေါင်းဆောင်ပိုင်းတွေကို ပုဒ်မ ၁၈ နဲ့ ထပ်ပြီး တရားစွဲတာတွေ ဆက်ဖြစ်နေပါတယ်။ငြိမ်းစုစီ ဥပဒေနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ကို ပြင်ဖို့ လိုတယ် ဆိုတာက ဥပဒေ ပြဋ္ဌာန်းချက်တွေကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီဥပဒေ ပြဋ္ဌာန်းချက်တွေကို လက်ကိုင်ပြုပြီး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ထောင်ထဲပို့တဲ့ လုပ်နည်း လုပ်ဟန်တွေကို ပြောင်းဖို့ ပြင်ဆင်သင့်တာ ဖြစ်ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ အသုံးချနေပုံတွေ ကွဲလွဲနေတာက ဥပဒေ ပြင်ဆင်ဖို့ လက်ငင်း လိုအပ်ချက် ဖြစ်နေတာပါ။■ ရပ်ကျေး အုပ်ချုပ်ရေးမှူး ဥပဒေပြီးခဲ့တဲ့ ငါးနှစ်တာ ကာလမှာ တာဝန်ယူခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်စရာ အများကြီး ရှိခဲ့ပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိစ္စရပ် အပေါ် ဖွင့်ဆိုချက် တစ်ခုပဲ ရှိခဲ့ပါတယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၈၉ မှာ ပါဝင်တာ ဖြစ်ပြီး “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးကို ရပ်ရွာက ကြည်ညို လေးစားပြီး သိက္ခာ သမာဓိ ရှိသည့် ပုဂ္ဂိုလ် တစ်ဦးဦးကို ဥပဒေနှင့် အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည်” လို့ ဆိုထားပါတယ်။ဒီအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီမှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မတ်လမှာ ပြင်ဆင်မှု တစ်ကြိမ် လုပ်ခဲ့ပါတယ်။ ဥပဒေ ပုဒ်မ ၂၇ မှာ ပုဒ်မခွဲ (က) ထပ်ဖြည့်ပြီး ပြစ်မှု၊ ပြစ်ဒဏ် တစ်ရပ်ကို ဖြည့်စွက်ခဲ့တာပါ။၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ တတိယအကြိမ် ပြင်ဆင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မူလ ဥပဒေ ပြဋ္ဌာန်းချက် ပုဒ်မ ၉ မှာ ပါဝင်တဲ့ အချက်ကို ပြင်ဆင်တာပါ။ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ သက်တမ်းနဲ့ တူညီတယ်၊ သက်တမ်း နှစ်ကြိမ်ထက် ပိုပြီး မထမ်းဆောင်ရဘူး၊ အုပ်ချုပ်ရေးမှူး အသစ် ခန့်အပ် တာဝန်ပေးပြီးချိန်ထိ တာဝန် ထမ်းဆောင်ရမယ်လို့ ပြင်ဆင်ခဲ့တာပါ။မူလ ဥပဒေ ပုဒ်မ ၉ မှာက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းကို ပြည်သူ့လွှတ်တော် သက်တမ်းအတိုင်း ဖြစ်တယ်။ ဒီသက်တမ်းဟာ သုံးကြိမ်ထက် မပိုစေရလို့ ဖွင့်ဆိုထားတာပါ။ ဒါကို အခြေပြုပြီး ရွေးကောက်ပွဲ ပြီးချိန်မှာ အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်တာတွေကို အလျင်စလို လုပ်လာတဲ့အတွက် ဝေဖန်မှုတွေ ထွက်လာတဲ့ အခါ ဥပဒေကို တတိယအကြိမ် ပြင်ဆင်ပြီး သမ္မတ သက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြောခဲ့ရတာ ဖြစ်ပါတယ်။လက်ရှိ အချိန်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူတွေက အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်နွှယ်နေသူတွေ၊ အရင် စစ်အစိုးရ လက်ထက်က လက်ကိုင်တုတ်အဖြစ် သတ်မှတ် ခံထားရသူတွေ အများစု ကြီးစိုးနေကြတာ ဖြစ်ပါတယ်။မဲပေးတဲ့ စနစ်နဲ့ သူတို့ကို ရွေးချယ်တယ် ဆိုပေမဲ့ ရွေးချယ်ပုံ စနစ်က ဒီမိုကရေစီ နည်းလမ်း မကျပါဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင် လုပ်ထားတယ် ဆိုတဲ့ အယောင်ပြမှုပဲ ဖြစ်ပါတယ်။ အယောင်ပြ ဒီမိုကရေစီနဲ့ ရွေးချယ်ခံရတဲ့ သူတို့တွေကို ခရိုင် အုပ်ချုပ်ရေးမှူးတွေက အတည်ပြုပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၈၈ မှာ “ခရိုင် အဆင့်နှင့် မြို့နယ် အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်” ဆိုတဲ့ အချက် တစ်ခုပဲ ပါဝင်ပါတယ်။နိုင်ငံ့ ဝန်ထမ်းတွေကိုပဲ တာဝန်ပေးတဲ့ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေဟာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာနက ဝန်ထမ်းတွေ ဖြစ်ပါတယ်။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဟာ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနအောက်မှာ ရှိပြီး ပြည်ထဲရေး ဝန်ကြီးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ရတာ ဖြစ်ပါတယ်။ဒီအချက်ကို ကြည့်မယ်ဆိုရင် ပြည်ထဲရေး ဝန်ကြီးက စပြီး အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းတွေဟာ သမ္မတက ခန့်အပ်သူတွေ မဟုတ်ဘဲ သီးခြား လုပ်ပိုင်ခွင့် ရထားသူတွေလို ဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ သူတို့ရဲ့ အတည်ပြုမှုနဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ခန့်မယ်ဆိုရင် မေးခွန်းထုတ်စရာတွေ ရှိလာမှာ ဖြစ်ပါတယ်။မေးခွန်း ထုတ်စရာတွေ ရှိနေချိန်မှာပဲ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်တာကို ဒီမိုကရေစီ နည်းလမ်း ကျစေဖို့ အတွက် ဥပဒေ ပြင်ဆင်ဖို့ လိုလာပါတယ်။အထူးသဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ဥပဒေ အခန်း ၄၊ ပုဒ်မ ၇ မှာ ပါဝင်တဲ့ ရွေးချယ်ပုံ နည်းစနစ်ဟာ ဒီမိုကရေစီ နည်းလမ်း မကျဘဲ အယောင်ပြ ဒီမိုကရေစီ ပုံစံနဲ့ ကိုယ့်လူ ကိုယ်ရွေးချယ်လို့ ရတဲ့ ပုံစံ ဖြစ်နေပါတယ်။ အောက်ခြေ လူတစ်ဦးချင်းစီက ကိုယ်နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်သူကို ရွေးချယ်ခွင့် မရှိဘဲ အာဏာပိုင်တွေဘက်က စိတ်ကြိုက် ဖွဲ့စည်းထားတဲ့ ဆယ်အိမ်စု အစုအဖွဲ့တွေကပဲ ကြိုးကိုင် ခြယ်လှယ်ခွင့် ရသလို ဖြစ်နေပါတယ်။ပြည်သူလူထုက နှစ်ခြိုက် သဘောကျ လက်ခံတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ခံရဖို့ ဆိုရင်တော့ အခန်း ၄၊ ပုဒ်မ ၇ ကို ပြင်ဆင်မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။မဟုတ်ရင် အထက်အမိန့် နာခံပြီး ဒီမိုကရေစီ နည်းလမ်းနဲ့ ဆန့်ကျင် ရပ်ရွာ လူထုကို ဗိုလ်ကျ စိုးမိုးတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေပဲ ထွက်လာဦးမှာ ဖြစ်ပါတယ်။ဒါကြောင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေကလည်း လွှတ်တော်သစ် စတင်ချိန်မှာ အမြန်ဆုံး ပြင်ဆင်ရမယ့် ဥပဒေ ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အခု လုပ်ဆောင်နေတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တာတွေကို ဖျက်သိမ်းပြီး ဥပဒေ ပြင်ဆင်ပြီးမှ ပြန်လုပ်ဖို့ သတိပေးရမှာ ဖြစ်ပါတယ်။ဒါတွေက လွှတ်တော် စတင်ပြီးတာနဲ့ အမြန်ဆုံး ပြင်ဆင်သင့်တဲ့ ဥပဒေ တချို့ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ဖို့ ကျန်နေတဲ့ ဥပဒေတွေ အများကြီး ရှိနေပါသေးတယ်။ပြည်သူလူထုကို ဖိစီးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး လူထုကို ကောင်းမွန်သော သက်ရောက်မှု ရှိစေတဲ့ ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းပေးရတာက လွှတ်တော်ရဲ့ တာဝန် ဖြစ်ပါတယ်။ လွှတ်တော်က ပြဋ္ဌာန်းပေးတဲ့ ဥပဒေတွေကို နည်းဥပဒေတွေနဲ့ ချိတ်ဆက်ပြီး အသက်ဝင်လာအောင် လုပ်ရတာက အစိုးရ အုပ်ချုပ်ရေးပိုင်းရဲ့ တာဝန် ဖြစ်ပါတယ်။ဖေဖော်ဝါရီ ၁ ရက်မှာ စတင်မယ့် လွှတ်တော်သစ်ဟာ လူထုကို ဖိစီးထားတဲ့ ဥပဒေတွေ ပြင်ဆင်ခြင်းဖြင့် ခြေလှမ်းကောင်းတစ်ရပ် စတင်ဖို့ အချိန် ကျရောက်ပြီ ဖြစ်ပါတယ်။ 

Most Read

Most Recent