တိုင်းရင်းသား လူမျိုးစု အားလုံးနှင့် နိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက် အာမခံချက်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်အောင် ပြင်ဆင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံတော်တာဝန် ထမ်းဆောင်ရန် နောင်တက်လာမည့် အစိုးရ အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လက်တွဲလုပ်ဆောင်ကြရမည်ဟု ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကျရောက်သည့် ၆၇ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။ကရင်အမျိုးသား တော်လှန်ရေး၏ ကနဦးအစသည် လက်နက်ကိုင်တော်လှန်ရေး မဟုတ်ကြောင်း၊ ကရင်အမျိုးသား ခေါင်းဆောင်များက ငြိမ်းချမ်းသည့် နည်းလမ်းများနှင့် ဥပဒေဘောင်အတွင်း ကြိုးပမ်းအားထုတ်ခဲ့ကြောင်း၊ အုပ်ချုပ်သူ အစိုးရက သက်ဆိုင်ရာ ကရင်အမျိုးသား ခေါင်းဆောင်ကြီးများကို တွေ့ဆုံဆွေးနွေးရန် အသိအမှတ် မပြုခဲ့သည့်အပြင် ကရင်အမျိုးသားတို့၏ တောင်းဆိုချက်များကို ချုပ်ငြိမ်းစေရန် လက်နက်ကိုင် အကြမ်းဖက်သော နည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့ပြီး အမျိုးသားရေး ပဋိပက္ခနှင့် အမျိုးသားရေး အဓိကရုဏ်းများကို ဖန်တီးခဲ့သည့် အတွက်ကြောင့် ကရင်အမျိုးသားများ အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။KNU နှင့် ကရင်တစ်မျိုးသားလုံး ကြိုးစားအားထုတ်မှု၏ ရည်မှန်းချက်ပန်းတိုင်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုများကို အခြေခံထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ဆောက်ပြီး နိုင်ငံသားတိုင်းနှင့် လူမျိုးတိုင်းအတွက် ဒီမိုကရေစီ အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အ၀ အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုကြီးဖြစ်ကြောင်း၊ ရည်ရွယ်ချက် အနေဖြင့် မတူကွဲပြားလျက် ရှိနေကြသည့် လူမျိုးများ၏ အခွင့်အရေးများကို နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း အတိအလင်း လေးစားအသိအမှတ်ပြု ပြဋ္ဌာန်းထားပြီး ယင်းအခွင့်အရေးများကို အာမခံချက်ပေးနိုင်သော နိုင်ငံတစ်နိုင်ငံတည်းတွင် အတူယှဉ်တွဲ နေထိုင်ကြရန်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက “ကရင်အမျိုးသား ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူပြည်သား အပေါင်းတို့ ကရင်တစ်မျိုးသားလုံးရဲ့ နိုင်ငံရေး ရည်မှန်းချက်များနဲ့ နိုင်ငံရေး လိုအင်ဆန္ဒအတိုင်း ပြီးပြည့်စုံစေဖို့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးကို ဖွဲ့စည်းခဲ့ပြီး ပေးအပ်ထားခဲ့တဲ့ တာဝန်နဲ့အညီ ၁၉၄၇ ခုနှစ်မှ ယနေ့ထက်ထိတိုင် စဉ်ဆက်မပြတ် ထမ်းဆောင်ခဲ့ပါတယ်။ အခက်အခဲများအပြင် ကြီးမားသော နစ်နာဆုံးရှုံးမှုကြီးများကို ပေးဆပ်ခဲ့ရပါတယ်။ အစည်းအရုံးကြီးရဲ့ ခေါင်းဆောင်မှု အဆက်ဆက်ဟာ အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ကို စစ်ပွဲတွေ အဆုံးသတ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အစိုးရ အဆက်ဆက်က ဒီလို တောင်းဆိုခဲ့တာတွေကို လျစ်လျူရှုပြီး လက်မခံခဲ့ပါဘူး။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလို ဖိတ်ခေါ်ချက်အပေါ် ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ လက်ခံခဲ့ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အတွက်ကြောင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ထိုးနိုင်တဲ့အထိ တက်လှမ်းနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။ထို့နောက် စာချုပ်ပါ သဘောတူညီချက်များအတိုင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပခဲ့မှု၊ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ရှင်းပြသည်။ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ပြီးမှသာ လုံခြုံစိတ်ချနိုင်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ရရှိမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သေချာစေမည်ဟု ပြောကြားသည်။ကရင်အမျိုးသားများ အရေးနှင့် သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ မြေယာပိုင်ဆိုင်ခွင့်များနှင့် အခြားအခြားသော အခွင့်အရေးများအတွက် ကရင်အမျိုးသားများအတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြပြီး တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်တိုးတက်လာသည့် နိုင်ငံရေး ဆွေးနွေးမှု ရလဒ်များနှင့်အညီ စည်းစည်းလုံးလုံး လုပ်ဆောင်သွားရန် လိုသည်ဟုလည်း ၎င်းကဆိုသည်။ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက “ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးကြီး အနေနဲ့ တိကျပြတ်သားတဲ့ အမျိုးသားတန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ထောင်နိုင်ဖို့ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ကြီး ရှိပါတယ်။ မိမိတို့ ကရင်အမျိုးသားများရဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်နဲ့ နိုင်ငံရေး လိုအင်ဆန္ဒတွေ ပြည့်စုံအောင်မြင်ရန်အတွက် မိမိတို့ ကရင်အမျိုးသားများ အနေနဲ့ မိမိတို့ အတတ်ပညာနဲ့ ဉာဏ်စွမ်းရှိသရွေ့ လိုအပ်တဲ့ အခန်းကဏ္ဍ အသီးသီးမှာ ပါဝင်လုပ်ဆောင်ကြဖို့ လိုပါတယ်။ ယခု မျက်မှောက်ကာလမှာ မိမိတို့ ကရင်အမျိုးသားများရဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်ပြီး ပြည့်စုံအောင် မတက်လှမ်းနိုင်သေးသလို မိမိတို့ ကရင်အမျိုးသားတို့ရဲ့ ကြိုးပမ်းလှုပ်ရှားမှုကြီးကိုလည်း ရပ်တန့်ထားလို့ မရပါဘူး။ မိမိတို့ အမျိုးသားများရဲ့ လိုအင်ဆန္ဒအတိုင်း ခိုင်မာတဲ့ သန္နိဋ္ဌာန်ချမှတ်ပြီး မိမိတို့ အမျိုးသားများရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ လိုအင်ဆန္ဒတွေ ပြီးမြောက်အောင်မြင်သည်အထိ အခိုင်အမာ ဆက်လက်ရပ်တည် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်း ရှေ့ဆက်နိုင်ငံရေး သတိထာဝစဉ်ရှိဖို့နဲ့ မိမိတို့နဲ့ သက်ဆိုင်တဲ့ အခန်းကဏ္ဍတွေမှာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနဲ့အညီ ကျွမ်းကျင်မှုအတွက် ပြင်ဆင်ထားကြဖို့လည်း လိုအပ်ပါတယ်” ဟု ပြောကြားသည်။
တိုင်းရင်းသားလူမျိုးစု အားလုံးနှင့် နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် အာမခံချက်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်အောင် ပြင်ဆင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပါတီများနှင့် နောင်တက်လာမည့် အစိုးရတို့ လက်တွဲ လုပ်ဆောင်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြ















