မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားနေသဖြင့် ရန်ကုန်မှ မူဆယ်သို့ တစ်နေ့လျှင် ဆန်တန်ချိန် ၁၅၀၀ ခန့်သာ တင်ပို့နိုင်

မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားနေသဖြင့် ရန်ကုန်မှ မူဆယ်သို့ တစ်နေ့လျှင် ဆန်တန်ချိန် ၁၅၀၀ ခန့်သာ တင်ပို့နိုင်
Published 30 January 2016
နီလာ

မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးတွင် ဇန်နဝါရီ တတိယပတ်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားနေသဖြင့် မူဆယ်မြို့သို့ ရန်ကုန်မှ တစ်နေ့လျှင် ဆန်တန်ချိန် ၁၅၀၀ ခန့်သာ တင်ပို့နိုင်ပြီး ယခင်ကထက် တင်ပို့မှု ကျဆင်းနေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
“တရုတ်ကိုတင်ပို့တဲ့ဆန်တွေ မူဆယ်ကိုပို့တာ အရင်တုန်းက တစ်နေ့ကို တန် ၃၀၀၀ နဲ့ ၅၀၀၀ ကြားလောက်သွားတယ်။ မူဆယ်လမ်းကြောင်းမှာ ကားတွေပိတ်တာတွေက ခဏခဏဆိုတော့ တန် ၁၅၀၀ လောက်ပဲ သွားနိုင်တော့တယ်” ဟု ရန်ကုန်မြို့မှ မူဆယ်သို့ ဆန်တင်ပို့နေသည့် ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၂၂ ရက်က မိုးများရွာသွန်းမှုကြောင့် ယာဉ်တိမ်း မှောက်မှုများ၊၂၂ ဘီးတွဲကားများ လမ်းချော်မှုများ၊ ယာဉ်တိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် ဇန်နဝါရီ ၂၂ ရက်တွင် ကွတ်ခိုင်မြို့၊ နမ့်ကွတ်ကျေး ရွာအနီးနှင့် သိန္နီမြို့ ရှုခင်းသာ အနီးတို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းကလည်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြားတွင် ယာဉ်ကြောပိတ်ဆို့မှုများ ထပ်မံဖြစ်ပွားနေပြီး ကုန်တင်ယာဉ်နှင့် ခရီးသည်တင် ယာဉ်များ ယာဉ်ကြောပွင့်မည့်အချိန် စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
“ကွတ်ခိုင်၊ နမ့်ဖတ်ကာကြားက ရှုခင်းသာမှာ ကားပျက်ပြီး ယာဉ်ကြောပိတ်ဆို့ ခဲ့တဲ့အတွက် ဆန်ကားတွေလည်း မူဆယ်ကို အချိန်မီ မရောက်နိုင်ဘူး။ မူဆယ်ကို တစ်ပတ်လုံး ဆန်တန် ၉၀၀၀ ကျော်ပဲဝင်ခဲ့တယ်။ အရင်တစ်ပတ်နဲ့စာရင် တန် ၇၀၀၀ ကျော် လောက်တင်ပို့မှု ကျဆင်းခဲ့ပါတယ်” ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ကိုးသိန်းကျော် တင်ပို့ထားကြောင်းနှင့် တရုတ်နိုင်ငံသို့ တန်ချိန်ခြောက်သိန်းနီးပါးဖြင့် အများဆုံး တင်ပို့ထားသည်။
မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှု၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ မူဆယ်နယ်စပ်မှ တစ်ဆင့်တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး ယင်းကဲ့သို့ တင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်မှမူ တရားမဝင် ဝယ်ယူနေခြင်း ဖြစ်သဖြင့်တစ်ခါတစ်ရံ ဈေးပိုပေးကာ ဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။              

Most Read

Most Recent