မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Marciel အား အမေရိကန် ဆီးနိတ်ကော်မတီ အတည်ပြု

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Marciel အား အမေရိကန် ဆီးနိတ်ကော်မတီ အတည်ပြု
Published 30 January 2016
ငြိမ်းကို

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ခန့်အပ်ရန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Marciel အား အမေရိကန် ဆီးနိတ်နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ဇန်နဝါရီ ၂၈ ရက်က အတည်ပြုပေးခဲ့ကြောင်း Reuter သတင်းဌာနက ဖော်ပြခဲ့သည်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ခန့်အပ်ရန် သမ္မတ အိုဘားမားက ရွေးချယ်ထားသူ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Marciel အား အဖွဲ့ဝင် ၁၉ ဦးပါ အမေရိကန် ဆီးနိတ်နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ဇန်နဝါရီ ၂၈ ရက်တွင် ကန့်ကွက်မဲမရှိဖြင့် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းအနေဖြင့် သံအမတ်ရာထူးကို လက်ခံရန်အတွက် ဆီးနိတ်လွှတ်တော်တစ်ရပ်လုံး၏ အတည်ပြုချက် ရယူရဦးမည်ဖြစ်ကြောင်း သိရသည်။အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် Scot Marciel သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် တရားဝင် ခန့်အပ်ခွင့် ရရန်အတွက် အမေရိကန် ဆီးနိတ်နိုင်ငံခြား ဆက်ဆံရေး ကော်မတီတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်ကတည်းက ကြားနာမှု ပြုလုပ်ခဲ့သည်။ဇန်နဝါရီ ၂၈ ရက်၌ ပြုလုပ်ခဲ့သည့် ဆီးနိတ်နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၏ အစည်းအဝေးတွင် ရီပတ်ဘလီကန် ဆီးနိတ်လွှတ်တော်အမတ် Cory Gardner က ဒီမိုကရက်တစ် အစိုးရသို့ အကူးအပြောင်း မလုပ်ခင် အိုဘားမား အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးမှုများ အလျင်အမြန် လုပ်ဆောင်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားသည်။အိုဘားမားအစိုးရက အရေးယူ ပိတ်ဆို့မှုမူဝါဒနှင့် ပတ်သက်၍ အလျင်အမြန် ပြောင်းလဲမည်မဟုတ်ကြောင်း ကော်မတီအဖွဲ့ဝင်များအား ပြောကြားခဲ့ကြောင်းနှင့် ပြောင်းလဲမှု တစ်စုံတစ်ရာနှင့် ပတ်သက်၍ ကွန်ဂရက်နှင့် အလုံးစုံ ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။  အိုဘားမား အစိုးရအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် အခြားကိစ္စရပ်များအတွက် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ကြောင်းနှင့် အရေးယူပိတ်ဆို့မှုများ ထပ်မံဖယ်ရှားမှု မတိုင်မီ မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် လုပ်ငန်းစဉ်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်က ၂၀၁၂ ခုနှစ် ဇွန်လကတည်းက တာဝန်ယူထားခဲ့ပြီး ၎င်း၏တာဝန်သည် မကြာမီ ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။                             

Most Read

Most Recent