သီလဝါအထူး စီးပွားရေးဇုန် အပိုင်း (က) အတွင်း ဂျပန်နိုင်ငံ မော်တော်ကား Radiator၊ စက်မှုစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု စက်ရုံ၊ လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ စသည့် ဂျပန်စက်ရုံသုံးရုံမှ စီးပွားဖြစ် စတင်လည်ပတ်နေကြောင်း Myanmar-Japan Thilawa Development limited မှ သိရသည်။
အဆိုပါစက်ရုံ သုံးရုံမှာ ရာခိုင်နှုန်းပြည့် Export ကုမ္ပဏီများအဖြစ် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
“သီလဝါစက်မှုဇုန် အပိုင်း (က) အတွက် နိုင်ငံပေါင်း ၁၃ နိုင်ငံက ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်။ အဲဒီထဲမှာမှ ဂျပန်နိုင်ငံက စက်ရုံသုံးရုံကနေပြီး စီးပွားဖြစ် စတင်လည်ပတ်နေပါပြီ” ဟု Myanmar-Japan Thilawa Development limited မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခုလက်ရှိ သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ၏ ဧရိယာအများစုမှာ ဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်နေသည့် ကာလဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို မြန်မာ-ဂျပန် ပူးပေါင်းထားသည့် PANTER-SUNTAC ကုမ္ပဏီမှ ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ် တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အဝန်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧကကို သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ် သတ်မှတ်ထားကြောင်း သိရသည်။
ယင်းသတ်မှတ်ထားသည့် ဧရိယာများအနက် အထူးစီးပွားရေးဇုန်အပိုင်း (က) Phase 1 တွင် စက်မှုဇုန်များ တည်ရှိသည့် ဧရိယာ ၂၁၁ ဟက်တာ၊ Phase 2 စက်မှုဇုန်များ တည်ရှိရာ ၁၅၀ ဟက်တာနှင့် Phase 3 လူ နေအိမ်များနှင့် စီးပွားရေး အဆောက်အအုံများအတွက် ၃၅ ဟက်တာ စုစုပေါင်း ၃၉၆ ဟက်တာကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။
အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် Free Zone နှင့် Promotion Zone ဟူ၍ သတ်မှတ်ထားပြီး ထုတ်လုပ်သည့် ပစ္စည်းများ၏ ၇၅ ရာခိုင်နှုန်းအထက် Export လုပ်ပါက Free Zon၊ ၇၅ ရာခိုင်နှုန်းအောက်မှ သုညရာခိုင် နှုန်းအထိ Export လုပ်ပါက Promotion Zone ဟု သတ်မှတ်ထားကာ အခွန်ခံစား ရရှိမှု ကွာခြားကြောင်း သိရသည်။
လက်ရှိ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ ရောင်းချထားသည့် ရှယ်ယာများမှာ ကျပ်ရှစ်သောင်းခွဲအထိ ပြင်ပတွင် ပေါက်ဈေးဖြစ်ပေါ်နေကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကိုယ်စား သီလဝါ အထူးစီးပွားရေးဇုန် ကော်မတီမှ ၁၀ ရာခိုင်နှုန်း၊ Myanmar Thilawa Sez Holdings Public Limited မှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ MMST ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း၊ ဂျပန်အစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ၁၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မြန်မာ ၅၁ ရာခိုင်နှုန်း ဂျပန် ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်နေသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်အတွင်း မော်တော်ကား Radiator၊ စက်မှုစွန့်ပစ်ပစ္စည်း စီမံမှုစက်ရုံ၊ လျှပ်စစ်ပစ္စည်းထုတ် စက်ရုံတို့ စီးပွားဖြစ် စတင်လည်ပတ်










