ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ လျော့ကျလာကြောင်း သိရ

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ လျော့ကျလာကြောင်း သိရ
Published 24 January 2016
ဇော်ဝေ

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ၂၀၁၁ ဘဏ္ဍာနှစ် မတိုင်မီ အချိန်အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု၏ ၃၃ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း လက်ရှိတွင် ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မာလာမျိုးညွန့်က ပြောကြားသည်။ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအ သင်းချုပ်တွင် မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှု အသင်းမှ ပြုလုပ်သည့် “၂၀၁၆-၂၀၂၁ ခုနှစ်များတွင် ပြောင်းလဲသင့်သော မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ဒေါ်မာလာမျိုးညွန့်က ပြောကြားသည်။“အစိုးရသစ် တက်ပြီး နောက်ပိုင်းမှာ ၂၀၁၁-၂၀၁၂ ခုနှစ်မှာဆိုရင် ၁၄၇ ဒသမ ၇ သန်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်မှာဆိုရင် ၃၀၉ ဒသမ ၈ သန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်မှာတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ဝင်လာတာ မရှိခဲ့ပါဘူး။ ၂၀၁၄-၂၀၁၅ ခုနှစ်မှာတော့ Offshore Block တွေကို တင်ဒါပေးလိုက်တဲ့ အတွက်ကြောင့်မို့လို့ သန်းပေါင်း ၃၂၂၀ လောက်ကို ပမာဏအားဖြင့် တိုးတက်လာပါတယ်။ ဒါကတော့ ကျွန်မတို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်လာတဲ့ ပမာဏကို တင်ပြခြင်းပါတယ်။ ပမာဏကို ကြည့်ရင်တော့ တိုးလာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် ကနေပြီး ဒီအစိုးရ တာဝန်မယူခင် အချိန်ကာလဆိုရင် ကျွန်မတို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍဟာဆိုရင် ကဏ္ဍပေါင်း ၁၂ ခုမှာ ရင်းနှီးမြှုပ်နှံတဲ့ ပမာဏဟာ ၃၃ ရာခိုင်နှုန်းလောက်အထိ မြင့်ပါတယ်။ ထိပ်ဆုံးပေါ့။ လက်ရှိအချိန်မှာလည်း နေရာအားဖြင့် ပထမအဆင့်မှာပဲ နေရာယူထားသော်လည်း ၂၆ ရာခိုင်နှုန်းလောက်အထိကို ကျဆင်းသွားပါတယ်” ဟု ဒေါ်မာလာမျိုးညွန့်က ပြောကြားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် ပြည်ပနိုင်ငံများက စီးပွားရေး လုပ်ငန်း ၁၀၃၃ ခုတွင် ဒေါ်လာ ၅၉၁၅၃ ဒသမ ၁၁၈ သန်းကို မြှုပ်နှံခွင့် ရရှိခဲ့ကြောင်း သိရသည်။ထိုသို့ ဒေါ်လာ ၅၉ ဘီလျံကျော်ကို ရင်းနှီးမြှုပ်နှံခွင့် ပြုထားသော်လည်း လက်ရှိ လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းအရေအတွက်မှာ ၇၅၉ ခုရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၈၈၆၂ ဒသမ ၆၄၃ သန်း (ဒေါ်လာ ၄၈ ဘီလျံကျော်)ဖြင့် လည်ပတ်ဆောင်ရွက်နေကြောင်း သိရသည်။မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် လုပ်ငန်း ၇၅၉ ခုတွင် ကုန်ထုတ်လုပ်ငန်းမှာ အများဆုံးဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရာတွင် အလုပ်အကိုင် ခန့်ထားနိုင်မှု၊ အခြေခံ အဆောက်အအုံနှင့် ပတ်သက်မှုနှင့် လယ်ယာကဏ္ဍတို့ကို ဦးစားပေး စဉ်းစား ခွင့်ပြုပေးလျက်ရှိကြောင်း၊ သို့သော်လည်း လယ်ယာကဏ္ဍမှာ အကျိုးအမြတ် နည်းပါးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် မြေယာမူဝါဒမှာ ရှင်းလင်းမှု မရှိခြင်းများနှင့် အကန့်အသတ်ဖြင့် ရင်းနှီးမြှုပ်နှံနိုင်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုမှာ နည်းပါးနေကြောင်း သိရသည်။  

Most Read

Most Recent