စတော့အိတ်ချိန်း ဝန်ဆောင်မှု Underwriter လိုင်စင်အတွက် ကုမ္ပဏီ နှစ်ခုအား လိုင်စင်ထပ်မံ ထုတ်ပေးထားကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ထံမှ သိရသည်။စတော့အိတ်ချိန်း ဝန်ဆောင်မှု ကုမ္ပဏီနှစ်ခုဖြစ်သည့် AYA Trust Securities နှင့် Myanmar Securities Exchange Counter တို့အား လိုင်စင်ထပ်မံ ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးရန်အတွက် ပြည်တွင်းအခြေစိုက် ကမ္ဘောဇအုပ်စုနှင့် စင်ကာပူအခြေစိုက် Sterling Coleman Securities ကုမ္ပဏီတို့ ပူးပေါင်းထားသည့် Kanbawza Sterling Securities ကုမ္ပဏီကို ဝန်ဆောင်မှု Underwriter လိုင်စင်အား ၂၀၁၅ ဒီဇင်ဘာ အတွင်းက ပထမဆုံး လိုင်စင်ပေးအပ်ခဲ့ကြောင်း သိရသည်။ရန်ကုန်စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် Underwriter လိုင်စင်အတွက် ကုမ္ပဏီ ၁၀ ခု ဆန်ခါတင် ရွေးချယ်ထားကာ မတည်ရင်းနှီးငွေနှင့် ICT ပြင်ဆင်မှု အပြည့်စုံဆုံး ကုမ္ပဏီများကိုသာ လိုင်စင်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ယင်း ဝန်ဆောင်မှုပေးမည့် Underwriter လိုင်စင်ဆိုသည်မှာ စတော့ရှယ်ယာ ရောင်းချမည့် ကုမ္ပဏီများကို ရှယ်ယာဈေးနှုန်း သတ်မှတ်ခြင်း၊ ရောင်းသူ၊ ဝယ်သူများကြားတွင် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။လိုင်စင် ထပ်မံထုတ်ပေးထားသည့် AYA Trust Securities ကုမ္ပဏီမှာ ဧရာဝတီဘဏ်မှ တည်ထောင်ထားခြင်းဖြစ်ပြီး Myanmar Securities Exchange Counter ကုမ္ပဏီမှာမူ ဂျပန်နိုင်ငံ ဒိုင်ဝါ Securities နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ဖက်စပ် တည်ထောင်ထားသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။
စတော့အိတ်ချိန်း ဝန်ဆောင်မှု Underwriter လိုင်စင်အတွက် ကုမ္ပဏီနှစ်ခုအား လိုင်စင်ထပ်မံ ထုတ်ပေး










