ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ် ထုတ်ရန်ကိစ္စ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ ဆွေးနွေး

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ် ထုတ်ရန်ကိစ္စ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ ဆွေးနွေး
Published 24 January 2016
အောင်ဇော်ထွန်း

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ် ထုတ်ရန်နှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံ၍ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သတင်းရရှိသည်။ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ရာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။UPDJC အတွင်းရေးမှူး အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က “ကျွန်တော်တို့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ် ထုတ်နိုင်ဖို့အတွက် အဲဒါကို တိုင်ပင် ဆွေးနွေးကြတာပါ။ ဒီစာအုပ် ထုတ်တဲ့ အခါမှာ ဘယ်ကဏ္ဍတွေ ထည့်ကြမယ်။ ဘယ်ကဏ္ဍ ဘယ်ကဏ္ဍက အရေးကြီးတယ်။ နောက် နိုင်ငံတော်ပိုင်းက အကြီးအကဲပိုင်းတွေထဲက ဘယ်သူဘယ်သူတွေ မိန့်ခွန်းပြောတဲ့ဟာ အမှာစကားပြောတဲ့ဟာကတော့ ထည့်သင့်တယ်။ ဓာတ်ပုံတွေက ဘယ်လိုဟာမျိုးထည့်မယ် အဲဒီလိုမျိုးပေါ့။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာ အဲဒါတွေကို ကျွန်တော်တို့က တစ်ခုချင်း  တိုင်ပင် ဆွေးနွေးကြတာပါ” ဟု ဇန်နဝါရီ ၂၃ ရက် ညနေက ပြောကြားသည်။ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။ဦးခက်ထိန်နန်က “နောက်တစ်ခုက ဒီညီလာခံကို စာရွက်စာတမ်း မှတ်တမ်းနဲ့အတူ တင်ပြတဲ့ဟာတွေ ရှိတယ်။ စာရွက်စာတမ်း မပါဘဲနဲ့ ဒီလို နှုတ်တိုက်ပဲ တင်ပြဆွေးနွေးတာတွေ ရှိတယ်။ ဒီငါးရက် ဆွေးနွေးတဲ့ ညီလာခံတုန်းက ခေါင်းစဉ်ငါးခုကို အားလုံး ဝိုင်းဆွေးနွေးတဲ့ဟာ အဲဒါ အနှစ်ချုပ်ကတော့ ကျွန်တော်တို့ ပထမအကြိမ် ညီလာခံ မှတ်တမ်းထုတ်တဲ့ အထဲမှာ အနှစ်ချုပ်ကိုတော့ ထည့်မယ်။ ဒါပေမဲ့ တစ်ဦးချင်း ဆွေးနွေးတာတို့ အသေးစိတ် ဆွေးနွေးတာတို့ကတော့ ဒုတိယအကြိမ် မှတ်တမ်းပြန်ထုတ်တဲ့ အခါမှာ အကြမ်းဖျင်းတော့ တိုင်ပင်ဆွေးနွေးထားကြပါတယ်။ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အခု ဦးဆောင်နေတဲ့ အစိုးရက အားလုံးနဲ့ လက်တွဲပြီး ဆောင်ရွက်တယ်။ ဒီအစိုးရ လက်ထက်မှာပဲ ဖေဖော်ဝါရီ၊ မတ်မှာပဲ ဒီစာအုပ်ကို ထုတ်နိုင်အောင် ဆိုပြီးတော့ စီစဉ်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အစုအဖွဲ့ အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များက ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့် ကဏ္ဍအလိုက် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြရာ ကဏ္ဍအလိုက် ပြုစုထားသော ဆွေးနွေးချက်များကို ညီလာခံသို့ တင်သွင်း အတည်ပြုခဲ့ပြီး ယင်းဆွေးနွေးချက်များကို အစိုးရသစ်ထံ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သုံးနှစ်မှ ငါးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သင့်တင့်လျောက်ပတ်သော အချိန်ကာလတွင် ဆောလျင်စွာ ကျင်းပသွားနိုင်ရန်တို့ကို ညီလာခံ ကိုယ်စားလှယ်များက သဘောတူ အတည်ပြုထားသည်။ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀၊ တရားဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ နှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ပါဝင်ရန် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent