နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၀၂ ဦးအား ဇန်နဝါရီ ၂၂ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ Hmuu Zaw Facebook တွင် ယင်းနေ့မွန်းလွဲပိုင်းက ရေးသားဖော်ပြထားသည်။ ပြန်လွှတ်ပေးသူများတွင် ကျောင်းသားများ မပါသေးခြင်းမှာ ပြစ်ဒဏ်ကျနေခြင်း မဟုတ်ဘဲ တရားရုံးတွင် စစ်ဆေးနေ၍ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ပြောကြားချက်အရ သိရသည်။ဖမ်းဆီးခံ ကျောင်းသားများ ပြန်မလွှတ်သေးခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးအား ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော့် Facebook မှာ အပြည့်အစုံ ဖော်ပြပေးထားပါတယ်။ ကျောင်းသားတွေက ပြစ်ဒဏ်ကျနေတာ မဟုတ်ဘူး။ တရားရုံးမှာ စစ်ဆေးနေတယ်။ တရားရုံး Process မှာပဲ ရှိသေးတယ်” ဟု ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရန်အတွက် ဗကသများ အဖွဲ့ချုပ်မှ ဦးဆောင်၍ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းသည် လက်ပံတန်းမြို့၌ ဆန္ဒပြနေစဉ် ၂၀၁၅ ခုနှစ်၊ မတ် ၁၀ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ဖြိုခွင်းခံရပြီး မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ် စသည့်ကျောင်းသား ခေါင်းဆောင်များ ဝန်းရံပြည်သူများသည် သာယာဝတီ အကျဉ်းထောင်၌ ချုပ်နှောင်ခံရပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ Hmuu Zaw Facebook တွင် “မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ရှိနေတဲ့ အကျဉ်းသားတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ (၄၀၁/ခ) နဲ့ ပြန်လွှတ်ပေးမှု (၁) နိုင်ငံခြားသား အကျဉ်းသားတစ်ဦး (ပြစ်ဒဏ် ကျခံနေသော နယူးဇီလန်နိုင်ငံသား အကျဉ်းသား)၊ နိုင်ငံသား အကျဉ်းသား ၁၀၁ ဦး၊ စုစုပေါင်း ၁၀၂ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်၊ (၂) သေဒဏ် ချမှတ်ခြင်းခံထားရတဲ့ အကျဉ်းသား (၇၇) ဦး (ကျား ၇၅ ၊ မ ၂) ကို ထောင်ဒဏ် တစ်သတ်၊ နှစ်အကန့်အသတ်မရှိ လျှော့ချပေးခဲ့ပါတယ်” ဟု ရေးသား ဖော်ပြထားသည်။ဆက်လက်ပြီး “အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထဲကနေ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုလာလို့ လူမှုရေးအရ ငှဲ့ညှာသောအားဖြင့် နိုင်ငံအကျိုး ထမ်းဆောင်နိုင်ဖို့အတွက် နိုင်ငံတော် သမ္မတကြီးက ရည်ရွယ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီး အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ ငြိမ်းချမ်းစွာနဲ့ အောင်မြင်ပြီးစီးသွားပြီတဲ့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ပထမအကြိမ် အောင်မြင်စွာ ပြီးစီးသွားတဲ့အချိန် “The World Peace Buddhist Conference” ငြိမ်းချမ်းရေး ညီလာခံကြီး စတင်ကျင်းပတဲ့အချိန် ယနေ့ပြန်လွှတ်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု Hmuu Zaw Facebook တွင် ရေးသားဖော်ပြထားသည်။ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၂၅ ဦးအား ဇန်နဝါရီ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်တွင် လွှတ်ပေးခဲ့သည်။အဆိုပါ ပြန်လွှတ်ပေးခံရသူများအနက် သိမ်းဆည်းခံ မိကျောင်းကန်မြေ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်မှုဖြင့် ထောင်ကျနေသူ ၁၃ ဦး၊ တက်ကြွလှုပ်ရှားသူ ဦးဘမြင့်၊ ဦးစိန်ဌေး၊ ကိုနောင်နောင်တို့ အပါအဝင် ငါးဦး၊ ပုဒ်မ-၁၇(၁) ဖြင့် ထောင်ကျနေသူ နှစ်ဦး၊ V-Gustro Bar အမှုမှ ထောင်ကျနေသော နိုင်ငံခြားသားတစ်ဦးတို့ ပါဝင်ပြီး ကျား ၁၈ ဦး၊ မ ၇ ဦး စုစုပေါင်း ၂၅ ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။အင်းစိန် အကျဉ်းထောင်မှ လက်ထောက် ကြီးကြပ်ရေးမှူး (၁) ဦးဆန်းနိုင်ဝင်းက “၂၅ ယောက် လွှတ်တယ်လို့ သိပါတယ်။ ယောကျ်ား ၁၈ ယောက် ၊ မိန်းမ ခုနစ်ယောက်ပါ။ V-Gustro Bar က နိုင်ငံခြားသားကိုတော့ သံရုံးနဲ့ လဝက,က လာခေါ်သွားတယ်” ဟု ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ပြောကြားသည်။ပြန်လည်လွတ်မြောက်လာသော တက်ကြွလှုပ်ရှားသူ ဦးဘမြင့်က “ကျွန်တော်က ပုဒ်မ ၁၈ တွေနဲ့ ကျခဲ့တာပါ။ မြို့နယ် (၆) မြို့နယ်ဆိုတော့ (၁၀) မှုနဲ့ အထက်ပေါ့။ ဦးအုန်းမြင့် ဆဲတယ်ဆိုတဲ့ကိစ္စ၊ ထိုင်းခိုထောင်က ကလေးနှစ်ယောက် ကိစ္စရယ်၊ လက်ပံတောင်းတောင်အတွက် သံရုံးကို လမ်းလျှောက်တာရယ်တွေလည်း ပါတယ်။ အားလုံး ၃၅ လ ကျခဲ့တာပါ။ ထောင်ထဲမှာ ၁၁ လလောက် နေခဲ့ရတယ်။ ကျွန်တော်တို့ကို ၄၀၁ နဲ့ လွှတ်တာပါ။ ကျွန်တော်တို့က လက်မှတ်မထိုးတဲ့အတွက် သူတို့က ခံဝန်ကို မထိုးရင်နေပါ သိရှိကြောင်းကို ထိုးပေးဖို့ ပြောတယ်။ ကျွန်တော်တို့က ခံဝန်လည်း မထိုးနိုင်ဘူး၊ သိရှိကြောင်းလည်း မထိုးနိုင်ဘူး။ ကျွန်တော်တို့ကို မလွှတ်ချင်လည်း အထဲပြန်ထည့်လို့ ပြောလိုက်တယ်။ တောင်းဆိုလို့ ပြန်လွှတ်တယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့ကို ပြန်လွှတ်ဖို့ ၂၁ ရက်ကတည်းက ညွှန်ကြားချက် ပေးထားတယ်လို့ ပြောတယ်” ဟု ပြောကြားသည်။နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) မှ ဦးထွန်းကြည်က “အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်ကနေ အမှန်တကယ် စိတ်စေတနာပါပါနဲ့ အမှန်တကယ် လွှတ်တယ်ဆိုရင်တော့ ဒီအရေအတွက်က အရမ်းနည်းပါတယ်။ လွှတ်တော်သစ်က နောက်လ ၁ ရက်နေ့စမယ်။ အစိုးရသစ်က ၄ လပိုင်း ၁ ရက်နေ့ စမယ်။ ဒီလူတွေကို ဖမ်းတာလည်း သမ္မတ ဦးသိန်းစိန် အစိုးရ စွဲချက်တင်တာကလည်း သမ္မတ ဦးသိန်းစိန် အစိုးရပဲ။ ထောင်ချတာလည်း သူပဲ ထောင်ချတာပဲ။ ကိုယ်စိုက်ခဲ့တဲ့ စိုက်ခင်းကို ကိုယ်ရိတ်သိမ်းရမှာလည်း သူ့တာဝန်ပဲ။ ဒါကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝပျက်ကွက်နေတယ်လို့ သုံးသပ်တယ်” ဟု ၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။ပထမအကြမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးမှုကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး နိုင်ငံတော် အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ- ၂၀၄၊ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် နိုင်ငံသား အကျဉ်းသား ၁၀၁ ဦးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုပြီး လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား တစ်ဦးအပါအဝင် စုစုပေါင်း အကျဉ်းသား ၁၀၂ ဦးတို့အား ၎င်းတို့ကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များအပေါ် စည်းကမ်းသတ်မှတ်ချက်များဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိမှုကို ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မန္တလေး အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေ
ရတနာပုံကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲေ၀ မန္တလေး အိုးဘိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ကိုးလ ချမှတ်ခံခဲ့ရသော ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေသည် မန္တလေးအိုးဘို အကျဉ်းထောင်မှ ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီဝန်းကျင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။ကျောင်းသားတစ်ဦးဖြစ်သူ နိုင်ရဲဝေနှင့်အတူ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် သုံးဦးကိုလည်း လွှတ်ပေးခဲ့ကြောင်း သိရသည်။ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကိုနိုင်ရဲဝေက “ဒီနေ့ လွတ်မြောက်လာတဲ့ အပေါ်မှာ ဝမ်းမသာပါဘူး။ ပြန်လွတ်ခါနီးတဲ့ သူကိုပဲ လွှတ်လိုက်တာ။ အခြားသော နိုင်ငံရေးက အကျဉ်းသားတွေ၊ လယ်သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အများကြီး ကျန်သေးတယ်။ နိုင်ငံတော် သမ္မတအနေနဲ့ တကယ် စေတနာရှိတယ်ဆိုရင် သူတို့တွေကို အကုန်လွှတ်ပေးဖို့ လိုပါတယ်။အခုဟာက ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာပဲ။ အိုးဘို အကျဉ်းထောင်မှာ ကျောင်းသားထဲကဆိုရင် ရဲရင့်ပိုင်မှူး၊ ပြင်ဦးလွင်ကနေ ဥပဒေ စိုးမိုးရေးအတွက် ဆန္ဒပြတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း၊ ရန်ကုန်အကျိုးဆောင်အဖွဲ့က ကိုအောင်စိုး၊ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်း၊ ရေပူဆရာတော်လိုမျိုး ပုဂ္ဂိုလ်တွေ ထောင်ထဲမှာ ကျန်ခဲ့ပါတယ်။ အခုဟာက အကုန်မလွှတ်ပေးဘဲနဲ့ လွတ်ခါနီး တစ်ဦးတည်း တစ်ယောက်တည်း လွှတ်ပေးတာ မဖြစ်သင့်ဘူး။နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ခဲ့ရင် မူလရှိတဲ့ ပြစ်ဒဏ်ကို ပြန်ခံရမယ်ဆိုတဲ့ ကျင့် ၄၀၁ အရ ခံဝန်လက်မှတ် ထိုးခိုင်းပေမယ့် မထိုးဘဲ ထွက်ခဲ့တာပါ။ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း အစိုးရကို နည်းမျိုးစုံ ပုံစံမျိုးစုံနဲ့ တိုက်ပွဲဝင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ပြည်မြို့အကျဉ်းထောင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားလေးဦး လွတ်မြောက်ပဲခူးတိုင်း အနောက်ပိုင်း ဒေသကြီး၊ ပြည်မြို့ အကျဉ်းထောင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားလေးဦး လွတ်မြောက်လာကြောင်း သိရသည်။ဇန်နဝါရီ ၂၂ ရက်နံနက် ခုနစ်နာရီခွဲခန့်က အကျဉ်းထောင်ကြီးမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် တစ်နှစ်ခွဲ ထောင်ဒဏ် ကျခံနေရသည့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှ၊ တောင်သူ လယ်သမားအရေး လှုပ်ရှားသူ ကိုပဲပဲ (ခ) ကိုရဲကျော်သူ၊ ပြည်မြို့မှ ပီအာရ်စနစ် အလိုမရှိ ဆန္ဒထုတ်ဖော်မှုဖြင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် လေးလ ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (ပြည်ခရိုင် ယာယီတာဝန်ခံ) ဦးကျော်ဆန်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (ပြည်မြို့နယ် ဥက္ကဋ္ဌ) ဦးဝဏ္ဏ၊ ဦးမောင်မောင်တိုးတို့ လေးဦး လွတ်မြောက်လာကြခြင်း ဖြစ်သည်။“၄၀၁ နဲ့ လွတ်တာကတော့ မကြိုက်ပေမယ့်လည်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်တာကိုတော့ ကြိုဆိုရမှာပေါ့ အထဲမှာ သုံးယောက် ကျန်နေသေးတယ် နောက်တစ်ခါ ကျောင်းသားတွေ အခြေအနေ ကျွန်တော်တို့ မသိရသေးဘူး” ဟု လွတ်မြောက်လာသည့် ကိုရဲကျော်သူ (ခ) ကိုပဲပဲက ပြောကြားသည်။“၄၀၁ နဲ့ပတ်သက်ပြီး သဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ ထိုးရတာပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး မခွဲခြားဘဲ လွှတ်ပေးသင့်တယ်။ အခုဆိုရင် လေးယောက် လွတ်တယ်။ သုံးယောက် ကျန်နေတယ်။ အစိုးရ ပြောင်းလဲချိန်တန်ပြီ ပြောတယ်။ ဒီမိုကရေစီ စနစ်မှာတော့ နိုင်ငံရေး အကျဉ်းသား လုံးဝမရှိသင့်တော့ပါဘူး” ဟု လွတ်မြောက်လာသည့် ဦးကျော်ဆန်းက ပြောကြားသည်။ပြည်မြို့ အကျဉ်းထောင်ကြီးအတွင်း နိုင်ငံရေး အကျဉ်းသား ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ၊ ကိုမျိုးသူထွဋ်တို့ ကျန်ရှိနေသေးကြောင်း သိရသည်။မိတ္ထီလာ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသူတစ်ဦး လွတ်မြောက်ဇန်နဝါရီ ၂၂ ရက်က မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းသား ၁၀၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ရာ မိတ္ထီလာ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသူတစ်ဦး လွတ်မြောက်ခဲ့ကြောင်း မိတ္ထီလာ အကျဉ်းဦးစီးဌာနမှ သိရသည်။ မိတ္ထီလာ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သော အကျဉ်းသူမှာ မိုးထိမိုးမိ ရွှေလုပ်ကွက်တွင် ဆန္ဒထုတ်ဖော်၍ တားမြစ်အမိန့် မနာခံမှု၊ အသင်းအဖွဲ့ဖြင့် ဆူပူမှု၊ နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေမှု၊ ညစ်ညမ်းစွာ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ တာဝန်ထမ်းဆောင်သော ဝန်ထမ်းအား နာကျင်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု စသည့်ပြစ်မှုတို့ဖြင့် ရမည်းသင်း တရားရုံးမှ ၂၀၁၄ ခုနှစ် ဧပြီလတွင် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်နှင့်လေးလ ကျခံစေရန် အမိန့်ချမှတ်ခံရသူ မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာနေ ဒေါ်ရီရီမြင့် အသက် (၄၇) နှစ်ဖြစ်ပြီး လွတ်မြောက်ရန် ကိုးလသုံးရက်အလို ယနေ့ (ဇန်နဝါရီ ၂၂ ရက်) တွင် မိတ္ထီလာ အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။“ဒေါ်ရီရီမြင့်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ သူက ရမည်းသင်း တရားရုံးက အမိန့်ချလိုက်ပြီး မိတ္ထီလာထောင်မှာ လာကျပါတယ်၊ ဒီနေ့ လွတ်ငြိမ်းချမ်းသာမှာ သူတစ်ယောက်ပဲ ပါပါတယ်။ လွတ်ငြိမ်းချမ်းသာ မပါရင် သူက လွတ်ရက် ကိုးလသုံးရက် လိုပါသေးတယ်” ဟု မိတ္ထီလာ အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ထွန်းက ပြောကြားသည်။ရခိုင်ပြည်နယ်မှ မတရားအသင်း အက်ဥပဒေအရ ထောင်ဒဏ် ချမှတ်ခံထားရသူသုံးဦး ပါဝင်နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးသည့် အထဲတွင် ရခိုင်ပြည်နယ်မှ မတရားအသင်း အက်ဥပဒေအရ ထောင်ဒဏ် ချမှတ်ခံထားရသူ သုံးဦးပါဝင်ခဲ့ကြောင်း သိရသည်။၎င်းတို့သုံးဦးမှာ မေလနှင့်ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲနောက်ပိုင်း ဖမ်းဆီးထောင်ချခံခဲ့ရသူများဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်က စစ်တွေ အကျဉ်းထောင်မှ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ပြန်လည် လွတ်မြောက်လာသူများမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် တရားရုံးမှ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) အရ ၂၀၁၅ စက်တင်ဘာလ အတွင်းက အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရသည့် လဟာကျယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ခဲ့သူ ဦးဝင်းမောင်နှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာအတွင်းက ကျောက်တော်မြို့နယ် တရားရုံးမှ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ၃၂ အရ ထောင်ဒဏ် ချမှတ်ခံထားရသူများဖြစ်သော ဦးထွန်းဝင်းသိန်း ၊ ကျော်ကျော် (ရသေ့တောင်) တို့ဖြစ်ကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံရေး အကျဉ်းသား မဟုတ်သူနှစ်ဦး လွတ်မြောက်ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပုသိမ် အကျဉ်းထောင်နှင့် မြောင်းမြ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ မဟုတ်သော အကျဉ်းသားနှစ်ဦးအား ဇန်နဝါရီ ၂၂ ရက်တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။ပုသိမ် အကျဉ်းထောင်မှ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် နေထိုင်သူ ဦးညီညီမြင့်သိန်း (ခ) ညီညီလွင် မူးယစ်မှု ပုဒ်မ ၁၉ (က) ဖြင့် ထောင်ဒဏ် ၁၀ နှစ်အား (၂၀၁၄) ခုနှစ်တွင် ကျခံခဲ့ရသူနှင့် မြောင်းမြ အကျဉ်းထောင်မှ ဦးထွန်းသိန်း ပုဒ်မ လေးခုဖြင့် ထောင်ဒဏ်နှစ် ၃၀ ကျော် ကျခံနေရသူတို့ ဖြစ်ကြောင်း သတင်းရရှိသည်။“ဒီမှာက နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်တဲ့ပုဒ်မနဲ့ ထောင်ကျနေတဲ့ သူရယ်လို့ မရှိဘူး” ဟု ပုသိမ် အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဇန်နဝါရီ ၂၂ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရှင်မိုးပြာ (ယာ) အားတွေ့ရစဉ်
ကချင်ပြည်နယ် အကျဉ်းထောင်မှ မိုးပြာဂိုဏ်း ရှင်မိုးပြာ လွတ်မြောက်ကချင်ပြည်နယ် အကျဉ်းထောင်များမှ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့်တစ်ဦး၊ သာသနာ ညှိုးနွမ်းမှု ပုဒ်မ ၂၉၅ ၊ ဝိနည်းပုဒ်မ ၁၀၊ သံဃာအဖွဲ့အစည်း ပုဒ်မ ၁၂/၁၃၊ သင်းဖွဲ့ပုဒ်မ ၆ ဖြင့် အကျဉ်းကျသူ မိုးပြာဂိုဏ်းမှ ရှင်မိုးပြာ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အသရေဖျက်မှု ပုဒ်မ ၅၀၀၊ ပုံနှိပ်အက်ဥပဒေ ၂၀၊ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ ဖြင့် အကျဉ်းကျခံရသူ တစ်ဦးတို့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။ကချင်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်းက “မြစ်ကြီးနား အကျဉ်းထောင်က နှစ်ဦး ၊ ပူတာအိုက တစ်ဦးပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၀၁ ၊ပုဒ်မ ၁ အရ လွတ်ငြိမ်းသက်သာခွင့်ပါ။ ထပ်မံပြီး ပြစ်မှုကျူးလွန်ရင် အခုကျန်တဲ့ ပြစ်ဒဏ်ကိုပါ ပြန်ခံကြရမှာပါ။ မြစ်ကြီးနား အကျဉ်းထောင်ကလွတ်တဲ့ ဦးစိုးလွင်က မတရားအသင်း ဆက်သွယ်မှု ၁၇/၁ နှင့် ထောင်သုံးနှစ်မှာ ခြောက်လလောက်နဲ့ လွတ်တာ။ ရှင်မိုးပြာက ပြစ်မှုလေးခုနဲ့ ထောင်အနှစ် ၂၀ မှာ ငါးနှစ်နှင့် ၁၁ လ ထောင်ထဲမှာနေပြီး လွတ်တာပါ။ ပူတာအို အကျဉ်းထောင်က ဦးသန်းထိုက်ဦးက ပုဒ်မ ၅၀၀၊ ပုံနှိပ်အက်ဥပဒေ ၂၀၊ အကျဉ်းထောင် အက်ဥပဒေ ၄၂ နဲ့ ထောင်လေးနှစ်နှင့် သုံးလမှာ ထောင်ထဲမှာနေသား သုံးနှစ်နှင့် သုံးလအကြာမှာ လွတ်တာပါ” ဟု ပြောကြားသည်။ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား မဟုတ်သူတစ်ဦး လွတ်မြောက်နိုင်ငံတစ်ဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသားများအား သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၂၂ ရက် နံနက်က လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား မဟုတ်ဘဲ ၂၀၀၆ ခုနှစ်က အများပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုမှုအပြင် ပုဒ်မလေးခုဖြင့် ထောင်ဒဏ်နှစ် ၃၀ ကျခံနေရသည့် အကောက်အခွန်မှူးတစ်ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။တောင်ကြီး တောင်လေးလုံး အကျဉ်းထောင်မှ တစ်ဦး လွှတ်ပေးတောင်ကြီး တောင်လေးလုံးထောင်မှ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇-၁ ၊ ၁၇-၂ ဖြင့် ၂၀၁၄ ခုနှစ်တွင် တရားစွဲဆို ဖမ်းဆီးခံရသော စိုင်းယ (ခ) စိုင်းဆာယအား ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် အခမ်းအနားဖြင့် တောင်လေးလုံးထောင်မှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။သရက် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ခဲ့ခြင်း မရှိအကျဉ်းထောင် အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်ခဲ့သော်လည်း သရက် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။၂၀၁၆ နှစ်သစ် ဇန်နဝါရီ ၂၂ ရက်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်ခဲ့သော်လည်း သရက် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ခြင်း မရှိခဲ့ဘဲ ထောက်လှမ်းရေးခေတ်က ထောင်ကျခဲ့သော အကောက်ခွန်ဌာနမှ ညွှန်ချုပ်တစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။ဇန်နဝါရီ ၂၂ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် သရက် အကျဉ်းထောင်မှ ထောက်လှမ်းရေးခေတ်က ထောင်ကျခဲ့သော ဗိုလ်မှူးကြီး အဆင့်ရှိသည့် အကောက်ခွန်ဌာနမှ ညွှန်ချုပ်တစ်ဦး လွတ်မြောက်ခဲ့ကြောင်း၊ ဆင်ပေါင်ဝဲ ရဲဘက်စခန်းမှ ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ကျနေသူတစ်ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။လားရှိုး အကျဉ်းထောင်မှ ကိုးဦး လွှတ်ပေးရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး အကျဉ်းထောင်တွင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ပြစ်ဒဏ်ကျခံရလျက်ရှိသော အကျဉ်းသား ကိုးဦးတို့အား နိုင်ငံတော် သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းဖြင့် ဇန်နဝါရီ ၂၂ ရက်က လွှတ်ပေးခဲ့ကြောင်း သိရသည်။ပြန်လည် လွတ်မြောက်လာသူများမှာ လုံတိန် (ခ) ဆမ်နိုင်၊ ကျော်ခင်၊ လီလောက်ဝူ (ခ) လီဟွာရှင်း၊ ဝမ်ရှစ်ယုံ၊ လန်ကော်ဝေး၊ တာကွမ်းချောင်၊ နော်မိုင်၊ လောက်ချီ၊ ဟော်ကွမ်နိမ် တို့ဖြစ်ပြီး လောက်ကိုင်မြို့နယ်မှ ခြောက်ဦး၊ မူဆယ်မြို့နယ်မှ တစ်ဦး၊ နမ္မတူမြို့နယ်မှ တစ်ဦး၊ မန်တုံမြို့နယ်မှတစ်ဦး စုစုပေါင်း ကျားကိုးဦးဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၂ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြည်မြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားလေးဦးအား တွေ့ရစဉ်
တောင်ငူထောင်မှ တက်ကြွလှုပ်ရှားသူသုံးဦး ပြန်လည်လွတ်မြောက်လာပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ်၊ တောင်ငူထောင်မှ ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်က တက်ကြွလှုပ်ရှားသူသုံးဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကန့်ဘလူမြို့နယ် မြေယာပြဿနာ တွင် ပါဝင်သူတစ်ဦးနှင့် ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှ ရွှေလုပ်သားနှစ်ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ် မြေယာကိစ္စဖြင့် ထောင်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသူ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း ကျေးရွာနေ ကိုကျော်ထွန်းနိုင်သည် တပ်မတော်မှ ပြန်လည်စွန့်လွှတ်သည့် မြေအတွင်း ထွန်စက် ဝင်မောင်းရာမှ ပြစ်မှုပုဒ်မ ၄၂၇ ဖြင့် အမှုဖွင့် အရေးယူခံခဲ့ရပြီး၂၀၁၄ ခုနှစ်၊ ဇူလိုင်က ကန့်ဘလူမြို့နယ် တရားရုံးမှ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများဖြစ်ကြသည့် ကိုမျိုးတင့်နှင့် ဒေါ်ရီဝင်းတို့သည် မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်သည့် ကုမ္ပဏီထံ နစ်နာကြေးတောင်းခံ ဆန္ဒပြရာမှ ပြစ်မှုပုဒ်မ ၁၄၃၊ ၁၄၇၊ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့် အရေးယူခံခဲ့ရပြီး၊ ၂၀၁၄ ခုနှစ် မေလအတွင်း ကိုမျိုးတင့်အား ထောင်ဒဏ် သုံးနှစ်တစ်လ၊ ဒေါ်ရီဝင်းအား ထောင်ဒဏ် သုံးနှစ်လေးလ ချမှတ်ခံခဲ့ရပြီး နှစ်နှစ်ခန့်အကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ဘားအံ အကျဉ်းထောင်မှ မတရားအသင်း ၁၇ (၁) အကျဉ်းသား ၁၈ ဦး လွတ်မြောက်မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် ဘားအံ အကျဉ်းထောတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးအား ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်က ဘားအံအကျဉ်းထောင်မှ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည်လွတ်မြောက်ပြီးဖြစ်ကြောင်း သိရသည်။လာဘ်စားသော တရားသူကြီး အလိုမရှိဟု နှစ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည့် ပျဉ်းမနားမြို့မှ ကိုဖြိုးဝေကျော် လွတ်မြောက်နေပြည်တော် ကောင်စီနယ်မြေတွင် လာဘ်စားသော တရားသူကြီး အလိုမရှိကြောင်း နှစ်ကြိမ်ဆန္ဒထုတ်ဖော်မှုကြောင့် နှစ်မှုပေါင်း ထောင်ဒဏ် ၁၀ လကျခံရမည့် ကိုဖြိုးဝေကျော် သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် ရမည်းသင်း အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။“ကျင့်/(၄၀၁) နဲ့ ကျွန်တော့်ကို ပြန်လွှတ်ပေးလိုက်တာပါ။ နောက်ထပ် ပြစ်မှုကျူးလွန်ရင် ကျန်ရှိတဲ့ ထောင်ဒဏ်တွေ ပြန်ပေါင်းကျခံရမယ်လို့ ထောင်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ကျွန်တော့်ကို ပထမအမှုက ထောင်ဒဏ် လေးလ ချထားတာ၊ ဒုတိယအမှုက ခြောက်လ ချထားတာပါ။ ပထမအမှုက ဇန်နဝါရီ ၁၅ ရက်မှ လေးလပြည့်ခဲ့တာပါ” ဟု ကိုဖြိုးဝေကျော်က ပြောကြားသည်။ ဇန်နဝါရီ ၂၁ ရက်က လွတ်ငြိမ်းချမ်းသာခွင့်စာရင်း ထုတ်ပြန်ခဲ့သော်လည်း ပခုက္ကူ အကျဉ်းထောင်၌ ထောင်ဒဏ် ကျခံနေရသည့် ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ပါဝင်ခြင်းမရှိခဲ့ကြောင်း သိရသည်။















