ဆယ်ကျော်သက် ကလေးဘဝတွင် သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်တွေ့မြင်ရပြီးနောက် အတန်ငယ် ကွယ်ပျောက်သွားခဲ့ရာမှ စိုင်းစိုင်းကို ချစ်တယ် ဇာတ်ကားဖြင့် ပရိသတ် ပြန်လည်မှတ်မိစေခဲ့သူ သရုပ်ဆောင်ပိုင်ဖြိုးသုမှာ အနုပညာပျိုးခင်း (၂) ၏ စင်တင် မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားများ ဆက်တိုက် ရိုက်ကူးနေသူဖြစ်သည်။ ဇန်နဝါရီ ၂၉ ရက်တွင်စတင်ပြသမည့် အေဒင်ရဲ့နတ်သမီး ရုပ်ရှင်ဇာတ်ကားတွင် ပီပြင်သော သရုပ်ဆောင်မှုများဖြင့် ကြိုးစားပုံဖော်ထားသူ သရုပ်ဆောင် ပိုင်ဖြိုးသုနှင့်တွေ့ဆုံ၍ ယင်းဇာတ်ကား ရိုက်ကူးမှု အတွေ့အကြုံအပါအဝင် အနုပညာရေးရာ အဖြာဖြာအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- အေဒင်ရဲ့နတ်သမီး ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံကို အရင်ပြောပြပါဦး။
ဖြေ- ဒီဇာတ်ကားမရိုက်ခင်တုန်းက စိုင်းစိုင်းကိုချစ်တယ် ဇာတ်ကားကို ရိုက်ကူးခဲ့ဖူးတယ်။ အဲဒီတစ်ကားပဲ အတွေ့အကြုံ ရှိတာပေါ့လေ။ အခု ဒီဇာတ်ကား ရိုက်မယ်ဆိုတော့ ထုတ်လုပ်သူ မခင်စန္ဒာမြင့်က သုသုနဲ့ ဒီဇာတ်ရုပ်နဲ့ လိုက်တယ်ဆိုပြီးတော့ ကမ်းလှမ်းလာပါတယ်။ သုသုကလည်း ဇာတ်လမ်းကို ဖတ်ကြည့်တဲ့အခါ အရမ်းကြိုက်တာကြောင့် ရိုက်ကူးဖြစ်သွားတာပါ။
မေး- ဒီဇာတ်ကားမှာ ပါဝင်ရတဲ့ ဇာတ်ကောင်စရိုက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ-ဒီဇာတ်ကားမှာ စိုင်းစိုင်းရယ် သုသုရယ် ကိုသားညီရယ်က ငယ်သူငယ်ချင်းတွေပေါ့။ နယ်ကတက်လာကြတာ။ စိုင်းစိုင်းက အဆိုတော် ဖြစ်လာတယ်။ သုသုက သီချင်းရေးတယ်။ ကိုသားညီက စိုင်းစိုင်းရဲ့ မန်နေဂျာလုပ်တယ်။ အဲဒီဇာတ်ရုပ်လေးမှာ ပါဝင်ထားပါတယ်။
မေး- ဒီဇာတ်ကား ရိုက်ကူးရတဲ့စိန်ခေါ်မှုနဲ့ အတွေ့အကြုံဆိုရင်ရော။
ဖြေ- ဒီဇာတ်ကား ရိုက်ကူးတုန်းက အတွေ့အကြုံတွေ အများကြီးရပါတယ်။ သုသုတို့ အားလုံး အရမ်း အပင်ပန်းခံထားတဲ့ ဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။ မိုးလင်းပေါက် ရိုက်တဲ့ ညတွေလည်း အများကြီးပါပဲ။ အမှတ်တရတွေလည်း အများကြီးရှိပါတယ်။ ပင်ပန်းခက်ခဲမှုတွေ များခဲ့သလို ကြိုးစားအားထုတ်မှုတွေလည်း များခဲ့ပါတယ်။
မေး- ရိုက်ကူးခဲ့တာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကဆိုတော့ အခုပြန်ကြည့်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်မိလဲ။
ဖြေ- လိုအပ်ချက်တွေကတော့ အများကြီးရှိ နေပါတယ်။ သုသုက အသစ်တစ်ယောက်လည်း ဖြစ်တော့ သင်ယူလေ့လာစရာတွေ အများကြီးပဲလေ။ ဒါရိုက်တာ ဦးမီးပွားသင်ပေးတဲ့အတိုင်း ကြိုးစားခဲ့သလို ကိုစိုင်းကလည်း အများကြီး သင်ကြားပေးခဲ့ပါတယ်။ သုသု အဲဒီအချိန်တုန်းကတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။
မေး- စိုင်းစိုင်းကိုချစ်တယ် ဇာတ်ကားနဲ့ ပိုင်ဖြိုးသုကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ် စသိခဲ့သလို အခုဒီဇာတ်ကားကရော အမှတ်တရ ဇာတ်ကားတစ်ကား ဖြစ်မယ်လို့ မျှော်လင့်ထားလား။
ဖြေ- အရမ်းကြီး မမျှော်လင့်ရဲပါဘူး။ ရုံတင်ခါနီးဆိုတော့ ပိုပြီးကြောက်ပါတယ်။ မိတ်ကပ်လိမ်းခြယ်တာကအစ လိုအပ်ချက်တွေအများကြီး ရှိနိုင်ပါတယ်။ အဲဒီတုန်းက မိတ်ကပ်ဆရာနဲ့ လိမ်းတာတောင် မဟုတ်ဘူး။ ကိုယ့်ဘာသာ တတ်သလိုလေး လိမ်းထားတာဆိုတော့ အခုပြန်စဉ်းစားရင် တချို့ဇာတ်ဝင်ခန်းတွေမှာ မိတ်ကပ် လုံးဝမလိမ်းဘဲ သရုပ်ဆောင်ခဲ့ရမှာ။
မေး- ဒီဇာတ်ကားနဲ့ ပတ်သက်လို့ အကြိုပြောချင်တာများ ရှိသေးလား။
ဖြေ- ဒီဇာတ်ကားက အခုလ ၂၉ ရက်မှာ ရုံတင်ပါတော့မယ်။ ပရိသတ်တွေကို လာကြည့်စေချင်ပါတယ်။ ဇာတ်ကားမှာ ပါဝင်ထားတဲ့သူတွေအားလုံး အရမ်းအပင်ပန်းခံပြီး ကြိုးစားထားပါတယ်။ အထူးသဖြင့်တော့ ဒါရိုက်တာဦးမီးပွားက တော်တော်လေးကို အပင်ပန်းခံပြီး အားထုတ်ထားပါတယ်။ ပြီးတော့ ကင်မရာမန်းတွေဆိုရင်လည်း ရိုက်ကူးရတဲ့ အပိုင်းတွေမှာ အရမ်းပင်ပန်းပါတယ်။ ဒါကြောင့် ပရိသတ်တွေကို လာကြည့်စေချင်ပါတယ်လို့။
မေး- အနုပညာပျိုးခင်းက သရုပ်ဆောင်တစ်ယောက်အနေနဲ့ လတ်တလော ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ- လတ်တလောကတော့ သရုပ်ဆောင် ကိုနေတိုးနဲ့ ဗွီဒီယိုဇာတ်ကား တစ်ကား ရိုက်ကူးနေပါတယ်။ ပြီးရင်တော့ ရုပ်ရှင်ကားကြီး သုံးကားလောက် ဆက်တိုက် ရိုက်ကူးဖြစ်မှာပါ။
မေး- ဒီနှစ်ထဲမှာ ရိုက်ကူးဖြစ်မယ့် ရုပ်ရှင်ကားကြီး သုံးကားကရော ပိုင်ဖြိုးသုကို မတူကွဲပြားတဲ့ ပုံစံအနေနဲ့ တွေ့ရမှာလား။
ဖြေ- တစ်ကားကတော့ ကိုနေတိုးအမေ အရီးတို့ ထုတ်လုပ်ရေးက ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားပါ။ ဒီဇာတ်ကားမှာက ကိုမင်းသွေးတို့ ကိုစည်ဖြိုးတို့ အဓိက ပါဝင်ကြမှာပါ။ သုသုတို့ ကိုနေတိုးတို့ မသက်မွန်တို့က ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ကြမယ်။ ဒါပေမဲ့ လုပ်ခွင့်ရမယ့် ဇာတ်ကောင်စရိုက်လေးက ထူးခြားပါတယ်။ အဲဒီကားပြီးရင် ဆရာလင်္ကာရည်ကျော်ရဲ့ နေဝင်အိပ်တန်းတက် ဝတ္ထုကို ပြန်လည်ရိုက်ကူးမယ့် ဒါရိုက်တာကိုဝိုင်းရဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ရမှာပါ။ အဲဒီစာအုပ်လေးကို သုသုအရမ်းကြိုက်သလို သုသု လုပ်ခွင့်ရမယ့် ဇာတ်ကောင်စရိုက်ကိုလည်း ကြိုက်ပါတယ်။
မေး- ပိုင်ဖြိုးသုကို အများအားဖြင့်တော့ ဇာတ်ကားတွေထဲမှာ ငြိမ်ငြိမ်သက်သက် သရုပ်ဆောင်တာမျိုးတွေ များများတွေ့ရတယ်။ နောက်ပိုင်းရော ပုံစံပြောင်းဖို့ရှိလား။
ဖြေ- သုသုကိုယ်တိုင်လည်း ပြောင်းချင်ပါတယ်။ မတူကွဲပြားတဲ့ ပုံစံလေးတွေ ရိုက်ကူးခွင့်ရချင်တယ်။ သရုပ်ဆောင်ဆိုတာ ဇာတ်ရုပ်ပုံစံမျိုးစုံကို သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ရမှာဆိုတော့ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ချင်ပါတယ်။









