အင်းစိန်မြို့နယ်တွင် ရဲတပ်ကြပ် တစ်ဦးကို ဓားဖြင့်ခုတ်ကာ စကေဘာဖြင့် ထိုးသတ်ခဲ့သူနှစ်ဦးအား လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်

အင်းစိန်မြို့နယ်တွင် ရဲတပ်ကြပ် တစ်ဦးကို ဓားဖြင့်ခုတ်ကာ စကေဘာဖြင့် ထိုးသတ်ခဲ့သူနှစ်ဦးအား လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်
Published 19 January 2016
ဝေလင်းအောင်

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဇူလိုင်လအတွင်း အင်းစိန်မြို့နယ်၌ ရဲတပ်ကြပ်တစ်ဦးကို ဓားဖြင့်ခုတ်ကာ စကေဘာဖြင့် ထိုးသတ်ခဲ့မှုကြောင့် လူသတ်မှုဖြင့် တရားစွဲခံထားရသူနှစ်ဦးကို ဇန်နဝါရီ ၁၉ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ကို စာဖြင့် တင်ပြခဲ့ကြသောကြောင့် လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးမှ သိရသည်။
“နှစ်ဖက်ရှေ့နေတွေက ဒီနေ့အပြီးသတ် လျှောက်လဲချက်တွေကို တင်ပြခဲ့ကြတယ်။ လာမည့်ဇန်နဝါရီ ၂၇ ရက် ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှာပါ”ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
တရားစွဲဆိုခံထားရသူ နှစ်ဦးဖြစ်သည့် ချစ်ကိုနှင့် သက်ခိုင် (ခ) တက်ပုတို့အား မြောက်ပိုင်းခရိုင် တရားရုံး ဒု ခရိုင်တရားသူကြီး (၄)က ကြိုတင်ကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ထားကြောင်း သိရသည်။
တရားစွဲခံထားရသူ နှစ်ဦးဖြစ်သည့် ချစ်ကိုနှင့် သက်ခိုင် (ခ) တက်ပုတို့က ရဲတပ်ကြပ် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ၎င်းတို့တွင် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနမှ နယ်ထိန်းဖြစ်သော ရဲတပ်ကြပ်ချစ်ကိုကိုမောင်က အောင်ဇေယျတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် စုံတွဲတစ်တွဲအား ဓားဖြင့်ထောက် ခြိမ်းခြောက် လုယက်ကာ မိန်းကလေးအား သားမယားပြုကျင့်ခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား စုံစမ်းရန် အင်းစိန်မြို့နယ်၊ ကမ်းနားလမ်း အနောက်ရပ်ကွက်၊ အောင်ဇေယျ အိမ်ရာလမ်းရှိ လမင်းရိပ်အမည်ရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆယ်အိမ်မှူးတစ်ဦးနှင့် စကားပြောနေစဉ် ရွာမအနောက်ရပ်ကွက် နေသက်ခိုင် (ခ) တက်ပု (၂၀) နှစ်ဆိုသူမှ ဓားရှည်ကိုင်ဆောင်၍ လည်းကောင်း၊ ရွာမ အလယ်ရပ်ကွက်နေ ချစ်ကို(၂၇)နှစ်သည် စကေဘာ ကိုင်ဆောင်၍ လည်းကောင်း ရောက်ရှိလာကာ ရဲတပ်ကြပ်အား ဝိုင်းဝန်းပြီး ဓားဖြင့်ခုတ်ကာ စကေဘာဖြင့် ထိုးခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။                                 

Most Read

Most Recent