အငြိမ်းစား တိုင်းတရားသူကြီး၏ သမီးနှင့် ၎င်း၏ ယောက္ခမက ကျပ်သိန်း ၆၀၀ ကို လိမ်လည်ရယူခဲ့ကြောင်း လိမ်လည်ခံရသူများက သတင်းစာ ရှင်းလင်း

အငြိမ်းစား တိုင်းတရားသူကြီး၏ သမီးနှင့် ၎င်း၏ ယောက္ခမက ကျပ်သိန်း ၆၀၀ ကို လိမ်လည်ရယူခဲ့ကြောင်း လိမ်လည်ခံရသူများက သတင်းစာ ရှင်းလင်း
Published 18 January 2016

အငြိမ်းစား တိုင်းတရားသူကြီး တစ်ဦး၏ သမီးဖြစ်သူနှင့် ၎င်း၏ ယောက္ခမတို့က ငွေကျပ် သိန်း ၆၀၀ ကို လိမ်လည် ရယူသွားသည်ဟုဆိုကာ လိမ်လည်ခံရသူ နှစ်ဦးက ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ရာနေ ဦးကျော်သူမြင့်နှင့် ဇနီးထံသို့ အငြိမ်းစား တရားသူကြီးတစ်ဦး၏ သမီးဖြစ်သူ ဒေါ်မေသက်ထားထက်သည် တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကညုံရပ်ကွက်ရှိ ၎င်းတို့၏ အမွေဆိုင်အိမ်နှင့် မြေကွက်အား ရောင်းချပေးရန် အကူအညီ တောင်းသဖြင့် ဦးကျော်သူမြင့်က ၎င်း၏ မိတ်ဆွေဖြစ်သည့် ဦးမင်းမင်း (တိုးတက်ချမ်းသာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း) ထံသို့ ဆက်သွယ်ပေးခဲ့ကြောင်း သိရသည်။“ကျွန်တော်နဲ့ မေသက်ထားထက်က သူ့ယောက္ခမရဲ့ ဆေးဆိုင်မှာလုပ်တဲ့ ဝန်ထမ်းကောင်လေးက မိတ်ဆက်ပေးရာကနေ ခင်မင်ခဲ့တာပါ။ သူ့အဖေက အငြိမ်းစား တိုင်းတရားသူကြီးနဲ့ သူ့အမေကလည်း ရှေ့နေဆိုတော့ ပိုယုံမိခဲ့တာပေါ့” ဟု ဦးကျော်သူမြင့်က ပြောကြားသည်။ယင်းသို့ ဆက်သွယ်ပေးခဲ့ပြီး ဒေါ်မေသက်ထားထက်သည် ဦးမင်းမင်းနှင့် သိကျွမ်းခဲ့ပြီး မကြာမီ အချိန်တွင် ဦးမင်းမင်းထံမှ ငွေကျပ် သိန်း ၆၀၀ ကို ခေတ္တ အကူအညီ တောင်းခံခဲ့ပြီး ထိုသို့ တောင်းခံရာတွင် ဒေါ်မေသက်ထားထက်၏ ယောက္ခမဖြစ်သူ ဦးမောင်သန်း ဆိုသူပါ ပါလာခဲ့ကာ အိမ်သုံးဆေးဝါးဆိုင်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အကူအညီ တောင်းခံရခြင်း ဖြစ်သည်ဟု ပြောပြခဲ့ကြောင်းနှင့် အမွေဆိုင်မြေနှင့် အိမ်ကို ရောင်းချပြီးပြီးချင်း မပျက်မကွက် ပြန်ပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားချက်အရ သိရသည်။အကူအညီတောင်းရာ ဦးမင်းမင်းက ဒေါ်မေသက်ထားထက်တို့နှင့် တိုက်ရိုက်သိကျွမ်းခြင်း မဟုတ်သည့်အတွက် လောလောဆယ် မကူညီနိုင်ကြောင်း ပြောပြခဲ့သဖြင့် ဒေါ်မေသက်ထားထက်မှာ ဦးကျော်သူမြင့်ထံသို့ လာရောက်ပြီး ဦးမင်းမင်းထံမှ အကူအညီ ရရန်အတွက် လိုက်ပါ အာမခံပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။ထိုသို့ လာပြောချက်အရ ဦးကျော်သူမြင့်မှာ ဦးမင်းမင်းထံသို့ သွားရောက်၍ ကူညီပေးရန်အတွက် အာမခံပေးခဲ့ပြီးနောက် ဦးမင်းမင်းက ၂၀၁၄ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ဒေါ်မေသက်ထားထက်နှင့် ၎င်း၏ ယောက္ခမဖြစ်သူ ဦးခင်မောင်သန်းတို့အား စာချုပ်ချုပ်ဆို၍ ငွေကျပ် သိန်း ၆၀၀ ကို ဦးကျော်သူမြင့်တို့ လင်မယားရှေ့တွင် ပေးအပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားချက်အရ သိရသည်။ယင်းနောက် ငွေကျပ် သိန်း ၆၀၀ ရယူပြီးနောက် ၎င်းတို့နေထိုင်သည်ဟုဆိုသော တိုက်ခန်းနှင့် သက်ဆိုင်သော စာချုပ်မူရင်း၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်မိတ္တူများ ပေးအပ်ခဲ့ပြီး စာချုပ်မှတ်ပုံတင်ရုံးတွင် ဒေါ်မေသက်ထားထက် အနေဖြင့် ဦးကျော်သူမြင့်၏ ဇနီးဖြစ်သူကို လွှဲပြောင်းပေးမည့် အထွေထွေ ကိုယ်စားလှယ်လွှဲစာကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် လိုက်လံပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ထို့နောက်တွင် ဦးမင်းမင်းထံ ဒေါ်မေသက်ထားထက်တို့မှာ မည်သို့မှ ဆက်သွယ် အကြောင်းကြားခြင်း မရှိသဖြင့် ဦးမင်းမင်းနှင့် ဦးကျော်သူမြင့်တို့မှာ တရားလွှတ်တော်ရှေ့နေ တစ်ဦးမှတစ်ဆင့် အဆိုပါငွေကြေးနှင့် ပတ်သက်သော အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ထိုသို့ ပေးပို့မှုကို တရားလွှတ်တော်ရှေ့နေ တစ်ဦးကတစ်ဆင့် အကြောင်းပြန်ခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ ငွေယူသွားတဲ့ ကိစ္စနဲ့ အကြောင်းကြားစာပို့တော့ သူတို့က ဆေးခန်းဖွင့်မယ်ဆိုပြီး ယူသွားတဲ့ ငွေတွေကို အတိုးနဲ့ ချေးထားတဲ့ငွေတွေ ဆိုပြီးတော့ ရှေ့နေကတစ်ဆင့် အကြောင်းပြန်တယ်” ဟု ဦးကျော်သူမြင့်က ပြောကြားသည်။ထို့ပြင် ထပ်မံ၍ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်မှတစ်ဆင့် ငွေများအား အေးချမ်းစွာ ပြန်လည် ရရှိရန်အတွက် အကြောင်းကြားစာ ထပ်မံပေးပို့ခဲ့သော်လည်း ယနေ့တိုင် ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း ဦးကျော်သူမြင့်က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။“ငွေတွေကိုလည်း ပြန်မပေးဘူး။ ပြီးတော့ သူတို့ကပဲ ဌာနအသီးသီး မဟုတ်မမှန် တိုင်ကြားတယ်။ မဟုတ်မမှန် တိုင်တယ် ဆိုတာက ကျွန်တော်တို့က ရဲတွေနဲ့ ပေါင်းပြီး သူတို့ကို မတော်မတရား စွပ်စွဲတယ် ဆိုပြီးတော့ ရဲချုပ်ရုံး အပါအဝင် အခြားဌာနတွေကို တိုင်တာပေါ့။ သူတို့ အဲဒီလိုတိုင်လို့ ကျွန်တော်တို့ကို ဒေါပုံရဲစခန်းက ခေါ်စစ်ပါသေးတယ်” ဟု ဦးကျော်သူမြင့်က ဆက်လက်ပြောကြားသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်သူမြင့်နှင့် ဦးမင်းမင်းတို့က သက်ဆိုင်ရာ သာကေတ ရဲစခန်းတွင် တိုင်တန်း အမှုဖွင့်ခဲ့ပြီး စခန်းမှ တရားစွဲဆိုရန်အတွက် မြို့နယ်ဥပဒေရုံးကို အကြံပေးချက် တောင်းခံခဲ့ကြောင်း၊ မြို့နယ်ဥပဒေရုံးမှ အရှေ့ပိုင်းခရိုင် ဥပဒေရုံးသို့ အကြံပေးချက် ထပ်ဆင့်တောင်းခံခဲ့ပြီး ခရိုင်ရုံးမှ ပြစ်မှုပုဒ်မ ၄၂၀ အရ တရားစွဲဆိုရန် အကြောင်းပြန်စာ ပေးပို့ခဲ့ကြောင်း သိရသည်။ယင်းသို့ ခရိုင်ရုံးမှ ပေးပို့ခဲ့သော်လည်း မြို့နယ်တာဝန်ခံ ဥပဒေအရာရှိ ဒေါ်ဝင့်နန္ဒာက အဆိုပါ အကြံပေးချက်အတိုင်း ဆောင်ရွက်ရန် အမှုကို ပြန်လည် လွှဲအပ်မပေးဘဲ တိုင်းဥပဒေ အရာရှိထံသို့ ထပ်မံအကြံပြုချက် တောင်းခံခဲ့ပြီး တစ်လခန့်အကြာ၌ သက်ဆိုင်ရာ ရဲစခန်းသို့ ဦးကျော်သူမြင့်တို့က သွားမေးရာ ဒေါ်မေသက်ထားထက်၏ အစစ်ခံချက်များအပေါ် မူတည်၍ တရားမမှုဖြင့်သာ စွဲဆိုသင့်သည်ဟု တိုင်းဥပဒေရုံးမှ အကြံပြုထားသည်ဟု ပြောပြခဲ့ကြောင်း သိရသည်။“မြို့နယ် ဥပဒေအရာရှိ ဒေါ်ဝင့်နန္ဒက ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း မရှိဘူး။ ခရိုင်ဥပဒေရုံးရဲ့ အကြံပြုချက်ကို ပစ်ပယ်တယ်။ အမှုကို ခရိုင်အကြံပြုချက်အတိုင်း ဆောင်ရွက်ရမှာကို မဆောင်ရွက်ဘူး။ မလိုအပ်ဘဲ တိုင်းဥပဒေရုံးက အကြံဉာဏ်တောင်းတယ်။ အဲဒီလို တောင်းခံတာကို တိုင်းဥပဒေ အရာရှိရုံးက မေသက်ထားထက်ရဲ့ ခိုင်လုံမှု မရှိတဲ့ အစစ်ခံချက်တွေကို တစ်ဖက်သတ် အရေးယူ သုံးသပ်ပြီး တရားမကြောင်းအရသာ အရေးယူသင့်တယ်လို့ အကြုံပြုခဲ့တယ်။ ဒါဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ ပြီးတော့ ဖခင်ဖြစ်တဲ့ အငြိမ်းစား တိုင်းတရားသူကြီး အရှိန်ကို သုံးပြီး မတရား ပြုလုပ်နေတာ ဖြစ်တယ်လို့ မြင်ပါတယ်” ဟု ဦးကျော်သူမြင့်က ပြောကြားသည်။“ကျွန်တော်တို့ စုံစမ်းတော့ မေသက်ထားထက်ရဲ့ အဖေ အငြိမ်းစား တရားသူကြီးနဲ့ တိုင်းဥပဒေ အရာရှိက အလွန် ရင်းနှီးတယ်လို့ သိရတယ်။ ကျွန်တော်တို့ကို လိမ်သွားတာတောင် မကဘူး။ သူတို့က အခုလိုပဲ အခြားသူတွေဆီက လိမ်လည်ထားတာတွေ ရှိတယ်လို့ သိရတယ်” ဟု ဦးကျော်သူမြင့်က ဆက်လက်ပြောကြားသည်။အဆိုပါ ဖြစ်စဉ်မှ ဒေါ်မေသက်ထားထက်နှင့် ၎င်း၏ ယောက္ခမဖြစ်သူ ဦးခင်မောင်သန်းတို့ကို သာကေတမြို့မ ရဲစခန်းတွင် ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားပြီး အမှုမှာ လေးလခန့် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent