အသက် ၁၈ နှစ်ပြည့်သူတိုင်း ကားတစ်စီး တင်သွင်းခွင့်ကို ပြန်လည်သုံးသပ်ရန်နှင့် ၂၅ နှစ်ကျော်မှသာ ခွင့်ပြုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တင်ပြ

အသက် ၁၈ နှစ်ပြည့်သူတိုင်း ကားတစ်စီး တင်သွင်းခွင့်ကို ပြန်လည်သုံးသပ်ရန်နှင့် ၂၅ နှစ်ကျော်မှသာ ခွင့်ပြုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တင်ပြ
Published 18 January 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အသက် ၁၈ နှစ်ပြည့်သူတိုင်း ကားတစ်စီး တင်သွင်းခွင့်အား မူအရ ဖြစ်သင့်၊ မဖြစ်သင့်ကို ပြန်လည်သုံးသပ် စဉ်းစားရန်နှင့် ၂၅ နှစ်ကျော်မှသာ ခွင့်ပြုသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။နေပြည်တော်တွင် ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဝင်းဦးက ယာဉ်ကြော မပိတ်ဆို့ရေးနှင့် ယာဉ်ရပ်နားရန် နေရာများ အမြန်ဆုံး စီစဉ်ပေးရန်အတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်ပေးပါရန်၊ အသက် ၁၈ နှစ်ပြည့်ပြီးသော သူများတစ်ဦးချင်း ကားတစ်စီး တင်သွင်းခွင့် လျှောက်ထားနိုင်သည်ကို အမြန်ဆုံး ရပ်တန့်ရန်နှင့် ကားသစ်များသာ တင်သွင်းရောင်းချသည့် Showroom ကြီးများမှ ဝယ်ယူသူများမှာ ကားပါကင်ရှိကြောင်း ထောက်ခံစာ အဆင့်ဆင့် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းမှတစ်ဆင့် ပြည်ထောင်စုအဆင့်ထိ ရယူနေရခြင်းကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေခြင်းနှင့် နိုင်ငံတွင်း လမ်းစည်းကမ်းနှင့် ကိုက်ညီသော ဘယ်မောင်းကားများသာ ပြောင်းလဲသုံးစွဲမှုကို အမြန်ပြောင်းလဲ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ငါးနှစ်အတွင်း ပြည်ပမှ နယ်စပ်ဂိတ်များမှတစ်ဆင့် တင်သွင်းလာသည့် ယာဉ်အစီးရေပေါင်းမှာ ခြောက်သိန်းဝန်းကျင် ရှိကြောင်း၊ ထို့ကြောင့် မြို့ကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် အခက်အခဲများရှိကြောင်း၊ အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးလို မြို့ကြီးများတွင် ယာဉ်နားရန် ပါကင်တစ်နေရာအတွက် ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုအထိ ဖြစ်လာမှုကို စိတ်မကောင်းစရာအဖြစ် မြင်တွေ့ရကြောင်း၊ ထိုကဲ့သို့ အဖြစ်အပျက်များ မဖြစ်ရန်အတွက် ထိန်းသိမ်းပေးရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ဆွေးနွေးပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် လမ်းဆုံနေရာများတွင် ခုံးကျော်တံတားများ တည်ဆောက်ပေးခြင်း၊ အသစ်ထပ်မံ ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ကားရပ်နားရန်နေရာ ပါရှိသော အဆောက်အအုံများကိုသာ ဆောက်လုပ်စေခြင်း၊ မော်တော်ယာဉ်များ ညအိပ်ရပ်နား ထားရှိနိုင်ရန်အတွက် ကားပါကင် သီးသန့် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်ကြောကျပ်တည်းမှု မဖြစ်ပေါ်စေရန် ဟိုတယ်များနှင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ကားပါကင် ပါရှိခြင်း ရှိ မရှိ စိစစ်ပြီးမှသာ ခွင့်ပြုပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြန်လည်ဖြေကြားသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းတွင် ယာဉ်ကြောလေးလမ်းသွားအပြည့် အသုံးပြုနိုင်ရန်အတွက် ဘေးနှစ်ဖက်တွင် အလျား ပေ ၈၉၀၊ အနံ ၁၂ ပေရှိ ယာဉ်ရပ်နားရန် ကားပါကင်နှစ်ခု၊ ကြည့်မြင်တိုင်မြို့နယ် အထက်ကြည့်မြင်တိုင်လမ်း အရှည်ပေ ၄၂၀၀ တွင် ယာဉ်သွားလမ်းဘေးတွင် ၁၈ ပေအကျယ် ယာဉ်ရပ်နားရန် နေရာနှင့် ဗိုလ်ချုပ်လမ်းတွင်လည်း သိမ်ဖြူလမ်းနှင့် အထက်ပုဇွန်တောင်လမ်းကြား အလျား ပေ ၁၄၀၀၊ အနံ ၁၄ ပေရှိ ယာဉ်ရပ်နားရန်နေရာ ကားပါကင်နှစ်ခုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပုဇွန်တောင်မြို့နယ် ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထာလမ်းနှင့် ဗန္ဓုလလမ်းကြား) အလျား ပေ ၈၃၀၊ အနံ ၁၄ ပေရှိ ယာဉ်ရပ်နားရန်နေရာ နှစ်ခုကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါက်တာပွင့်ဆန်းက ဆိုသည်။ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် ယာဉ်မရပ်ရဟုဆိုကာ သတ်မှတ်ထားသည့် နေရာများစွာ ရှိသော်လည်း ယာဉ်ရပ်နားရန်ဟုဆိုကာ သတ်မှတ်ပေးထားသည့် နေရာများ မတွေ့ရသလောက် ဖြစ်နေသည့်အတွက် ယင်းကိစ္စများကို အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ဆွေးနွေးတင်ပြသည်။“အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ကားတစ်စီး တင်သွင်းခွင့် ရှိတယ်ဆိုပြီးတော့ ခွင့်ပြုပေးခဲ့တဲ့ မူအပေါ်မှာ ဒါ စေတနာအရတော့ ကောင်းပါတယ်။ မူအရ ဖြစ်သင့် မဖြစ်သင့် ဆိုတာတော့ ပြန်လည်သုံးသပ် စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ၁၈ နှစ်ပြည့်တာနဲ့ ကားဝယ်သွင်းနိုင်တဲ့ ဝင်ငွေရပြီလား၊ ဝင်ငွေခွန် ဆောင်ပြီးပြီလား၊ အခုတော့ ဒါ ဝင်ငွေခွန် ဆောင်ပြီးတော့မှ ကားတင်သွင်းခွင့်ပြုမယ် ဆိုတာတော့ ဖြေလျှော့တာ တွေ့ပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း ကားတင်သွင်းခွင့် ပေးမယ်ဆိုရင် ၂၅ နှစ်ကျော်မှသာ ခွင့်ပြုသင့်ကြောင်း တင်ပြအပ်ပါတယ်။ ဒီကိစ္စတွေမှာလည်း Showroom တွေရော၊ ကားအရောင်း စင်တာတွေရော အများကြီး ရှိတဲ့အတွက် အဲဒီနေရာတွေမှာ ဝယ်လည်း ရပါတယ်။ နိုင်ငံခြားက တင်သွင်းမှ မဟုတ်ပါဘူး။ ဒီကိစ္စလေးတွေ ပြန်လည်စိစစ်ပေးဖို့ မေးမြန်းခြင်း ဖြစ်ပါတယ်” ဟု ဦးဝင်းဦးက ပြောကြားသည်။အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး ဒေါက်တာပွင့်ဆန်းက “ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၁၆ ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးတို့ပါသည့် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီကို ပြန်လည်ဖွဲ့စည်း ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကော်မတီ အနေဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ ပိုမိုပြည့်စုံစွာ စီစဉ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မော်တော်ယာဉ်နှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၊ ပညာရှင် ပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်” ဟု ဖြေကြားသည်။ကားပါကင်ခွင့်ပြုမိန့် လျှောက်ထားခြင်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခကြေးငွေ ကောက်ခံခြင်း၊ လျှောက်လွှာပုံစံ ရောင်းချခြင်းများ လုံး၀ မရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကားပါကင် ခွင့်ပြုမိန့် ထုတ်ပေးခြင်းဆိုင်ရာ ခရိုင်၊ မြို့နယ် စိစစ်ရေး အဖွဲ့များသို့ တင်းကျပ်စွာ ထိန်းကွပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကားပါကင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အခကြေးငွေ တောင်းခံမှုများ ရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ရှင်းလင်းပြောကြားသည်။မော်တော်ယာဉ် ဝယ်ယူအသုံးပြုရာတွင် ကားပါကင် ခွင့်ပြုမိန့်အား ဂျပန်၊ အမေရိကန်ကဲ့သို့ နိုင်ငံကြီးများတွင်ပင် ကျင့်သုံး ဆောင်ရွက်လျက်ရှိပြီး မော်တော်ယာဉ်ဝယ်ယူ အသုံးပြုသူတစ်ဦး အနေဖြင့် မိမိပိုင်ဆိုင်သည့် ဧရိယာအတွင်း မော်တော်ယာဉ် ထားရှိရန် နေရာရှိမှသာ ဝယ်ယူသင့်သဖြင့် ကားပါကင် ခွင့်ပြုမိန့်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်ဟု ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဆက်လက် ပြောကြားသည်။

Most Read

Most Recent