ပြည်ပသို့ ဆန်တင်ပို့မှု နှစ်စဉ် ၁၅ ရာခိုင်နှုန်းအထက် တိုးတက်မှုရှိသော်လည်း ထုတ်လုပ်မှုမှာ တစ်နှစ် သုံးရာခိုင်နှုန်းပင် တိုးတက်မှု မရှိသောကြောင့် ရေရှည်အတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
"Production က ဒီလောက် မတက်ဘဲနဲ့ Export က အရမ်းတက်နေတယ်။ Production က တစ်နှစ်ကို နှစ်ရာခိုင်နှုန်း သုံးရာခိုင်နှုန်းတောင် မတိုးဘူး။ ဒါပေမဲ့ ပြည်ပတင်ပို့မှုက ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း တိုးနေတော့ ရေရှည်မှာ တော်တော်ကြီးကို အခက်အခဲရှိတယ်။ ၂၀၁၆ ခုနှစ်မှာ ဈေးနှုန်းလည်း ဒီလောက်တက်လာဖို့ မမြင်ဘူး"ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
ဆက်လက်၍ ၎င်းက "၂၀၁၆ ခုနှစ်မှာ သိသိသာသာ ပြောင်းလဲလာလိမ့်မယ်လို့ မထင်မိပါဘူး။ ၂၀၁၇ ခုနှစ်မှာ သိသိသာသာ ပြောင်းလဲဖို့အတွက် ၂၀၁၆ ခုနှစ်မှာ တော်တော်လုပ်ရမယ်။ ကျွန်တော်ထင်တယ် ဒီအစိုးရ အပြောင်းအလဲကနေ စပြီးတော့ တော်တော်လုပ်ရမယ်။ လယ်ယာကဏ္ဍက ကျွန်တော်မြင်တာ တစ်နှစ်ကို သုံးရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်းရဖို့အတွက်ကို တော်တော်လုပ်ရမယ်။ သုံးရာခိုင်နှုန်းလောက်ဆိုရင်တော့ ဖြစ်နိုင်တယ်။ အများကြီး မျှော်လင့်လို့မရဘူး"ဟု ပြောကြားသည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၈၃၀၅၆၇ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉၁၀၈၇ ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၄၂၆၅၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀၆၆၄၁၄၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၆၅၀၀၀ တန် တင်ပို့မှုရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ဆန်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုများတွင် ရာခိုင်နှုန်းအားဖြင့် ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ မှာ ပြည်တွင်း စားသုံးမှုဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့မှုမှာ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်း၏ ၁၀ ရာ ခိုင်နှုန်း ဝန်းကျင်သာရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ဒသမ ၄၇၉ သန်းအတွက် တစ်လ စားသုံးနှုန်းမှာ ဆန်တန်ချိန် ၈ ဒသမ၅၈၂ သန်းရှိကြောင်း သိရသည်။ မြို့ပြတွင် တစ်ဦး တစ်နှစ်စားသုံးမှု အနေဖြင့် ၁၂၀ မှ ၁၃၀ ကီလိုဂရမ်၊ ကျေးလက်ဒေသတွင် လူတစ်ဦးတစ်နှစ်လျှင် ၂၀၀ မှ ၂၁၀ ကီလိုဂရမ်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ရရှိသည့် အချက်အလက်များအရ သိရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါးစိုက် ဧက ၁၆ သန်း၊ နွေစပါး စိုက်ဧက သုံးသန်း၊ စုစုပေါင်း ၁၉ သန်း စိုက်ပျိုးမှုရှိပြီး စပါးထုတ်လုပ်မှုအနေဖြင့် မက်ထရစ်တန် ၃၀ နှင့် ဆန်ကြိတ်ခွဲ ထွက်ရှိမှုအနေဖြင့် ၁၃ သန်းနှင့် ၁၄ သန်း ကြားတွင်ရှိကြောင်း အချက်အလက်များအရ သိရသည်။ ၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်း သီးနှံများ ရေကြီးနစ်မြုပ်မှုအနေဖြင့် ဧက ၁၂သိန်း ကျော်သွားပြီဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။အဆိုပါ ရေနစ်မြုပ်သွားသည့် သီးနှံဧကများအနက် ရေပေါ်ပြန်ပေါ်လာသည့် ဧကပေါင်းမှာ ၈၉၀၅၄၄ ဖြစ်ပြီး ထိခိုက်သည့် ပမာဏမှာ ၆၄၁၂၂၂ ဧက ဖြစ်သည်။ ပျက်စီးသည့် ဧကမှာ ၄၀၇၉၂၅ ရှိပြီး ပြန်လည်စိုက်ပျိုးနိုင်သည့် ဧကမှာမူ ၃၆၄၈ သာ ရှိနေကြောင်း သြဂုတ် ၁၀ ရက်တွင် နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်သည့် ပြည်ထောင်စုချုပ်စာရင်းအရ သိရသည်။သို့သော်လည်း ယခုနှစ်တွင် ပြည်တွင်း၌ ဆန်ဈေးရော စပါးဈေးပါ မြင့်တက်မှုများ ရှိနေပြီး စပါးတင်း ၁၀၀ လျှင် ကျပ် ငါးသိန်းမှ ကျပ်ခြောက်သိန်းဝန်းကျင်၊ အနိမ့်စား ဧည့်မထ ဆန်တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ ဝန်းကျင် အနည်းဆုံး ဈေးကွက်တွင် ဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၁၃ သန်း သို့မဟုတ် မြန်မာနိုင်ငံ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှု ခံစားနေရပြီး ကလေးသူငယ် ၃၅ ရာခိုင်နှုန်းသည် ကာလရှည်ကြာ အစာအဟာရ ချို့တဲ့နေကြောင်း WFP က ထုတ်ပြန်ချက် ဒီဇင်ဘာအတွင်း ထုတ်ပြန်မှုဖော်ပြသည်။ထို့အပြင် ၂၀၁၅ ခုနှစ်ဇူလိုင်နှင့် သြဂုတ်လ အများအတွင်း ရေကြီးမှု၊ မြေပြိုမှုများကြောင့် လူဦးရေ ၄၄၀၀၀၀ ကျော်မှာ စားနပ်ရိက္ခာ အထောက်အပံ့ လိုအပ်နေပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အကြား ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ပဠိပက္ခများကြောင့် လူဦးရေ ၁၇၂၀၀၀ ကျော်မှာလည်း အထောက်အပံ့များ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း WFP ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခုနှစ်နှစ်တိုးမြှင့်လိုက်သည့် အစီအစဉ်အရ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသည့် မြန်မာနိုင်ငံမှ လူဦးရေ ၂ ဒသမ ၉ သန်းဝန်းကျင်ကို အစားအစာနှင့် ငွေကြေးများ ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ဆန်တင်ပို့မှု နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်သော်လည်း ထုတ်လုပ်မှုမှာ သုံးရာခိုင်နှုန်းပင် တိုးတက်မှု မရှိသောကြောင့် စိုးရိမ်ရကြောင်း ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ပြောကြား















