မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၅၀ ရမည်ဟုပြော၍ လက်ထပ်ခိုင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် ဆောင်ရွက်သူ လေးဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၁၇ ရက်တွင် စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ အသက်(၃၄)နှစ် အရွယ်ရှိ မြန်မာအမျိုးသမီး တစ်ဦးသည် လားရှိုးမြို့ရှိ နေအိမ်တစ်အိမ်တွင် တရုတ်နိုင်ငံသားနှင့် မင်္ဂလာဆောင်နေကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၆) မှ တာဝန်ရှိသူများက အဆိုပါ အမျိုးသမီးအား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။ယင်းသို့ မေးမြန်းရာ မ.....(၃၄) နှစ်ထံသို့ လွန်ခဲ့သော ၁၅ ရက်ခန့်က လားရှိုးမြို့နယ် နောင်မွန်အုပ်စု ခေးနင်းကျေးရွာနေ ဒေါ်အေးခမ်း (၅၅) နှစ်နှင့် ၎င်း၏သားဖြစ်သူ အိုက်ထွန်း (ခ) အိုက်လွတ် (၃၁) နှစ်တို့မှ အမည်မသိ တရုတ်အမျိုးသား နှစ်ဦးတို့နှင့်အတူ ရောက်ရှိလာခဲ့ပြီး တရုတ်အမျိုးသား တစ်ဦးနှင့် လက်ထပ်ပါက ကျပ်သိန်း ၅၀ ဖြင့် တင်တောင်းမည်ဟု ပြောဆိုစည်းရုံးကာ စရန်ငွေ ကျပ်ငါးသိန်းအား မ......ထံသို့ ပေးခဲ့ကြောင်း သိရသည်။ယင်းနောက် ဇန်နဝါရီ ၁၁ ရက်တွင် ဒေါ်အေးခမ်းမှ မ.....ထံသို့ ဖုန်းဆက်၍ ၁၃ ရက်နေ့ မင်္ဂလာဆောင်ရမည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်များကို ၎င်းတို့ကျခံမည် ဖြစ်ကြောင်း၊ ကျန်ငွေ ၄၅ သိန်းကို တရုတ်နိုင်ငံရှိ တရုတ်အမျိုးသား၏ နေအိမ်သို့ ရောက်ရှိမှသာ ရရှိမည်ဖြစ်၍ တရုတ်နိုင်ငံသို့ လိုက်သွားရမည် ဖြစ်သည်ဟု ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံသို့ လိုက်ပါသွားရမည် ဖြစ်ကြောင်း မ....မှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သိရသည်။ယင်းကြောင့် မ......အား တရုတ်မယားအဖြစ် လက်ထပ်စေပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန်အတွက် ပြောဆိုစည်းရုံးသူများနှင့် အားပေးကူညီသူများဖြစ်သော ဒေါ်အေးခမ်း၊ အိုက်ထွန်း(ခ) အိုက်လွတ်၊ တရုတ်နိုင်ငံသားများဖြစ်သော လီချီ (ခ) ကျိမ်ချွမ်း (၃၃) နှစ်နှင့် တွန်းစောက်ရှင်း (၃၄) နှစ်တို့အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၆) လားရှိုးမှ ဖမ်းဆီးခဲ့ပြီး လားရှိုးနယ်မြေ ရဲစခန်း၌ (ပ) ၁၄/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့အပြင် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်သူ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သော လီချီ (ခ) ကျိမ်ချွမ်း(၃၃)နှစ်၊ တွန်းစောက်ရှင်း (၃၄) နှစ်နှင့် ဝင်ရောက်ရန် ဆောင်ရွက်ပေးခဲ့သော အိုက်ထွန်း (ခ) အိုက်လွတ်တို့အား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၅၀ ရမည်ဟုပြော၍ လက်ထပ်ခိုင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် ဆောင်ရွက်သူ လေးဦးအား အမှုဖွင့်