သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့တွင် ၁၇ နှစ်ရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှု၊ အဆိုပါ မိန်းကလေး၏ မိသားစုဝင်များအား ကတ်ကြေးဖြင့်ထိုးမှုတို့ ကျူးလွန်သည်ဆိုသော အမျိုးသားအား အခင်းဖြစ်သည့်နေ့မှ တစ်ပတ်ကျော်လာသည့်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သုဝဏ္ဏနယ်မြေ ရဲစခန်းမှ ဇန်နဝါရီ ၁၇ ရက်နံနက် ၁၀ နာရီခန့်က သိရသည်။ကတ်ကြေးဖြင့် အထိုးခံရသူများမှာ Tomorrow ဂျာနယ်၏ Contributor ဦးကျော်စွာမြင့်နှင့် ၎င်း၏ဇနီး၊ အစ်မတို့ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူမှာ ဦးကျော်စွာမြင့်၏ ဇနီးသည်ဘက်မှ ညီမဖြစ်ကြောင်း၊ ကတ်ကြေးဖြင့် ထိုးသူမှာ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး၏ သားဖြစ်သည်ဟုဆိုသော သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ ၂၄ ရပ်ကွက်နေ ကိုရဲသူဝင်း (၃၀ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ သူရဲ့ (ရဲသူဝင်း) မိသားစုဝင်တွေကလည်း လိုက်ရှာနေကြတယ်” ဟု သုဝဏ္ဏနယ်မြေ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ၁၇ ရက်နံနက် ၁၀ နာရီခန့်က ပြောကြားသည်။ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်ည ၁၁ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ၂၉ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့ပြီး ကိုရဲသူဝင်းဆိုသူက Tomorrow ဂျာနယ်၏ Contributor ဦးကျော်စွာမြင့်၊ ၎င်း၏ဇနီးနှင့် အစ်မတို့အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း၊ တိုက်ခိုက်ခံရသူများ၏ ဒဏ်ရာများအား ကုသရာတွင် သုံးယောက်ပေါင်း ၄၉ ချက်ခန့်ချုပ်၍ ကုသမှု ခံယူနေရကြောင်း သိရသည်။ယင်းကဲ့သို့ ဖြစ်ပွားခြင်း မတိုင်ခင် နာရီပိုင်းအလိုခန့်တွင် ကိုရဲသူဝင်းဆိုသူသည် ဦးကျော်စွာမြင့်၏ ဇနီးသည်ဘက်မှ ညီမဖြစ်သူ မ....(၁၇) နှစ်အား အပြင်သို့ ခေါ်သွားပြီး ကားပေါ်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ၎င်းမိန်းကလေးမှ အိမ်သို့ ပြန်ရောက်သည့်အခါ အိမ်ရှိမိသားစုဝင်များအား အဆိုပါ အကြောင်းအရာများကို ပြန်လည်ပြောပြရာမှ မိသားစုဝင်များနှင့် ကိုရဲသူဝင်းတို့ စကားများရာမှ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ အမျိုးသားအား မူလက ပုဒ်မ -၃၂၆ ဖြင့် အမှုဖွင့်လှစ်ထားသော်လည်း ဇန်နဝါရီ ၁၄ ရက်တွင် မူလဖွင့်လှစ်ထားသော ပုဒ်မ-၃၂၆ မှ ပုဒ်မ-၄၅၈ သို့ ပြောင်းလဲ၍ လည်းကောင်း၊ ပုဒ်မ-၃၇၆/၅၁၁ တို့ဖြင့်ထပ်မံ၍ လည်းကောင်း နစ်နာသူများက သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။အဓမ္မပြုကျင့်ခံရသူ မိန်းကလေးအား သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးစစ်မှု ခံယူစေပြီး ဆေးစာအား နှစ်ပတ်ခန့်အကြာတွင် ရရှိမည်ဖြစ်ကြောင်း၊ ၎င်းဆေးပေါ်ပေါက်ချက်အရ အမှုအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက် ၁၇ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှု၊ မိသားစုဝင်များအား ကတ်ကြေးဖြင့်ထိုးမှု ကျူးလွန်သူကို တစ်ပတ်ကျော်သည်အထိ ဖမ်းမမိသေး